အပိုင်း (၄၇) : အန္တရာယ်ကြားက စွန့်စားသူ
ဒါတွေအားလုံးကို ၂၀၂၁မှာ လုပ်ရလိမ့်မယ်လို့ သူရိန် မစီစဉ်ထားခဲ့ဘူး။ သူ့ရဲ့အထင်ကြီးစရာ အောင်မြင်မှုတွေပေါ်မှာ ထပ်ဆင့်တည်ဆောက်ဖို့ မျှော်လင့်နေခဲ့တဲ့ လူငယ်လုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ ကလေးဘဝတည်းက အောင်မြင်မှုကို စိတ်ကူးယဉ်မှု တစုံတရာမပါ လွယ်လွယ်ရခဲ့တာ မဟုတ်ပေမဲ့ ဘဝတလျှောက် အလုပ်ကြိုးစားမှုနဲ့ လုံ့လဝီရိယကြောင့် အဆင်ပြေတဲ့ နေရာတခုနဲ့ ပိုတောက်ပတဲ့ အနာဂတ် သူ့မှာရှိနေပါတယ်။
သူ့ရဲ့မယုံနိုင်လောက်စရာ အခြေအနေတွေကို နားလည်အောင် သူ့အကြောင်း နည်းနည်းပြောပါမယ်။ ကယားပြည်မှာ ကြီးပြင်းခဲ့တဲ့ “သူရိန်” (နာမည်လွှဲ)က ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကျောင်းတက်ခဲ့ပါတယ်။ မြန်မာပြည် မြို့ပြကြီးတွေရဲ့အဝေးမှာ နေခဲ့ရတဲ့ သူ့ဘဝမှာ ပညာရေး အခွင့်အရေးနည်းပါးရုံသာမက လူဦးရေထူထပ်တဲ့ မြို့ပြတွေရဲ့ အပြင်မှာ မကြာခဏ ဖြစ်ပွားတတ်တဲ့ တပ်မတော်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ငယ်စဉ်က ကြုံတွေ့ဖူးသူပါ။ ဥပမာ နေရပ်စွန့်ခွါပြေးရသူများစခန်း (IDP) Camp တွေမှာ အင်္ဂလိပ်စာသင်ဖို့ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေရင်း အဝေးမှ ပစ်ခတ်နေတဲ့ သေနတ်သံတွေကို ကြားရတယ်လို့ ပြောပါတယ်။
နောက်ဆုံး ရန်ကုန်မှာ အခွင့်အလမ်းပေါ်လို့ “မြိုကြီး”ဆီ ထွက်လာခဲ့တယ်။ အစတော့ မြို့ကအလွန်ကြီးတယ်ပေါ့။ မှတ်မိသလောက် “ကျွန်တော် လိုင်းကား ဘယ်လိုစီးရမလဲ မသိခဲ့ဘူး၊ မနက်စာ ဘယ်လိုမှာရမလဲ မသိဘူး။ ကျွန်တော်က တောသားဆိုတော့ တိုက်အမြင့်ကြီးတွေမြင်ပြီး နယူးယောက်လို့တောင် ထင်ခဲ့တာ!”
ဒါပေမဲ့ သူရိန် နေသားကျလာပြီး ကောင်းကောင်းရပ်တည်နိုင်ခဲ့ကာ နောက်ဆုံး တည်ငြိမ်တဲ့ အနေအထားရောက်တဲ့အထိ လုပ်ကိုင်နိုင်ခဲ့တယ်။ လူတော်တော်များများအတွက် လုပ်ငန်းတခုအောင်မြင်ဖို့ တော်တော်လေး ရုန်းကန်ရပေမဲ့ သူရိန်ကတော့ လုပ်ငန်းသုံးခု တပြိုင်နက်ထဲ စီမံခဲ့ပါတယ်။ ဘာသာပြန် ဝန်ဆောင်မှု၊ စီမံကိန်းကြီးတွေအတွက် အကြံပေး ဝန်ဆောင်မှု၊ နောက်ဆုံးတခုက ကွန်ပြူတာဂိမ်းနဲ့ ဆော့ဖ်ဝဲရေးသားခြင်း ဝန်ဆောင်မှု ဖြစ်ပါတယ်။
သူ့ရဲ့အလုပ်အပေါ်ထားတဲ့ ကိုယ်ကျင့်တရားကြောင့် အောင်မြင်မှုတွေရတာ ဆိုပေမဲ့ ဒါတွေက ၂၀၁၀ ခုနှစ်များတလျှောက် ဖြည်းဖြည်းနဲ့မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မပါဘဲနဲ့ ဒီအောင်မြင်မှု အသီးအပွင့်တွေဆိုတာလည်း ဖြစ်မလာနိုင်ပါဘူး။ လွတ်လပ်မှု တိုးပွါးလာနေတဲ့ အဲ့ဒီနှစ်တွေအကြောင်း ပြောတဲ့အခါ “ကျွန်တော်တို့ ပျော်ခဲ့ သဘောကျခဲ့တယ်၊ ပိုပြီး အောင်မြင်ချင်တယ်။ ခင်ဗျား စဉ်းစားကြည့်ပါ ဒါတွေက တခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ရတာလေးက နည်းနည်းလေးပါ၊ လွန်ခဲ့တဲ့ ၁၀နှစ်က တောင့်တခဲ့တာတွေ နည်းနည်းလေးပဲရနေတာတောင် တော်တော်ပျော်ခဲ့ကြတာ။”
ဒါတွေအားလုံး ဖေဖော်ဝါရီ ၁ မှာ ရပ်ဆိုင်းသွားပြီး သူရိန်လည်း စိတ်ပျက်ဒေါသထွက်နေခဲ့ပြီ။ “အရာအားလုံး မှောင်မိုက်သွားခဲ့ပြီလို့ ခံစားရတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ အနာဂတ်ကို သတ်ပစ်ဖို့ ဘယ်လောက်တောင် သတ္တိကောင်းနေကြလဲ။ လူတွေက အပြုသဘောဆောင်တဲ့ စွမ်းအားတွေနဲ့ အရမ်းကြိုးစားခဲ့ပြီး တိုင်းပြည်အတွက် လုပ်နေကြတာ။”
နိုင်ငံအနှံ့ သန်းပေါင်းများစွာ ပါဝင်ဆင်နွှဲကြတဲ့ အကြမ်းမဖက် ဆန္ဒပြပွဲတွေမှာ သူငယ်ချင်းတွေနဲ့အတူ စတင် ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး သူဆုံးဖြတ်ချက်က သူ့ကျွမ်းကျင်မှုကို ကွဲပြားတဲ့နည်း သုံးပြီး တော်လှန်ဖို့ဘဲ။ ဘာကြောင့်လဲဆိုတော့ သူ့အတွက်က မြေပြင်မှာရှိနေဖို့ မဟုတ်ဘဲ “ကျွန်တော့်ပုံစံက ရှေ့တန်းမှာနေတဲ့ ပုံမျိုးမဟုတ်ဘူးဗျ။ ကျွန်တော် ကျွမ်းကျင်တာက လူတွေကို စိတ်အားတက်ကြွလာအောင် လုပ်ပေးမယ်၊ ပူးပေါင်းမယ်၊ ဗျူဟာကျကျ ချဉ်းကပ်မယ် ဆိုတာမျိုး။”
ကြီးထွားလာတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့သတင်းတွေကို အသေးစိတ်ကအစ မပေါက်ကြားအောင် လုံခြုံရေးအရ လူအနည်းစုနဲ့ လုပ်ငန်းစခဲ့ပါတယ်။ ကံဆိုးချင်တော့ ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ အဖွဲ့ဝင်တယောက် ဖမ်းဆီးနှိပ်စက် စစ်ဆေးခံရလို့ အခြားသူတွေအကြောင်း ဖော်ထုတ်ခံရပြီ။ ကျန်တဲ့လူစုလည်း အမြန်ခွဲပြီး သူရိန် ကိုယ်တိုင် ဒီနေ့ထိ ပုန်းရှောင်နေပါတယ်။ နောက်တယောက်လည်း ထပ်အဖမ်းခံခဲ့ရပြီးနောက် အရင်ဖမ်းခံထားရသူရော နှစ်ဦးလုံး ထောင်ထဲမှာ အသတ်ခံလိုက်ရပါပြီ။
အခုတော့ ပိုပြီးလုံခြုံစိတ်ချရတဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်နေရင်းနဲ့တောင်မှ သူရိန် အားစိုက်မှု နည်းနည်းမှ လျော့မသွားဘူး။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)အတွက် အထူးတက်ကြွနေပြီး ရုံးတက်နေသေးတဲ့ ဝန်ထမ်းတွေကို နှုတ်ထွက်ဖို့ ပုံမှန်ဖုန်းခေါ် တိုက်တွန်းပါတယ်။ ဒီသူစိမ်းတွေဆီ ဖုန်းခေါ်ဆိုမှုကနေ ပါတီတဖွဲ့အတွက် သေရေးရှင်ရေး လောင်းကြေးထပ်ရမယ့် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သူ့ကို ယုံကြည်လာအောင်နဲ့ ချောမွေ့တဲ့ဆက်ဆံရေးကို တခါတည်း တည်ဆောက်နိုင်မယ့် နည်းလမ်းတွေ ရှာရပါတယ်။ တချို့ဝန်ထမ်းတွေက ဖုန်းထဲမှာ တခွန်းပြောရုံလောက်နဲ့ အလုပ်မှ နှုတ်ထွက်ကြပေမဲ့ တချို့ကိုတော့ နေ့စဉ်ရက်ဆက် နားချရပါတယ်။ ဒီဝန်ထမ်းတွေက “စွန့်စားတဲ့သူတွေ မဟုတ်ဘူး။ ဒါကြောင့် ပုံမှန်ဆို စွန့်စားသူတွေက စွန့်ဦးလုပ်ငန်းရှင်တွေ ဖြစ်လာတယ်ဆိုတာ အလွန်ရှင်းပါတယ်။”လို့ သူရိန်က ပြောပါတယ်။
စွန့်စားလိုစိတ်မရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဘာဖြစ်မယ်မသိတဲ့လမ်းကို လျှောက်လှမ်းဖို့ တိုက်တွန်းရတာ ခက်ခဲသလို ရဲနဲ့ စစ်သားတွေကို CDM မှာ ပါဝင်ဖို့ အားပေးရတာ ပိုပြီးခက်ခဲပါတယ်။ ရဲဝန်ထမ်းတွေဘက်က သူ့အတိုင်းအတာနဲ့သူ၊ သူရိန် ခန့်မှန်းသလောက် ၇၀ ရာခိုင်နှုန်းက ဘက်ပြောင်းစွန့်ခွါချင်ပေမဲ့ သူတို့မှာ အကျင့်ပျက်ခြစားမှုရှိနေတာ အဟန့်အတားပါပဲ။ စစ်တပ်အသိုင်းအဝိုင်းမှာလည်း တော်တော်လေးကို အမြင်ကျဉ်းမြောင်းတော့ ဗမာ့လူ့အဖွဲ့အစည်းနဲ့ အဆက်ပြတ်တောက်နေပြီး သူတို့ထဲမှာ နှစ်ပေါင်းများစွာ ဖြန့်ကျက်ထားတဲ့ ဝါဒတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ တော်တော်ခက်တယ်။ “သူတို့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်။”လို့ စိတ်မကောင်းစွာ ပြောပြတယ်။
အဲ့ဒါအပြင် အရပ်ထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်တပ်က ခန့်ထားလို့ မရအောင် သူရိန် ကြိုးစားတယ်။ ဒါက ဒီရုန်းကန်နေရတဲ့အထဲ အရေးကြီးဆုံးတခုပဲ။ “ရပ်ကွက်ကို ဩဇာညောင်းတဲ့ ဘယ်သူမဆို နိုင်မှာ”လို့ ပြောပြတယ်။ ဘာကြောင့်လဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်နေပြည်သူတွေအကြောင်း အသေးစိတ်အထိ တဖြည်းဖြည်း သဘောပေါက်လာတယ်ဆိုရင် လှုပ်ရှားဖို့ ပိုပြီးခက်သွားမယ်။
ကျွန်တော်တို့အများစုအတွက် သူရိန်တို့နေ့စဉ်လုပ်ငန်းတွေ ပျက်ပြားသွားသလိုသာ ကျွန်တော်တို့ဘဝတွေမှာ ကြုံရမယ်ဆိုရင်၊ တကယ်တမ်း မြန်မာတနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ဒီသူလျှိုတွေ၊ အကြမ်းဖက်တာတွေ၊ တိုက်ပွဲဗျူဟာတွေနဲ့ အဖမ်းမခံရအောင် ရှောင်တိမ်းရတဲ့လောကထဲ အတင်းအဓမ္မ ပစ်ချခံရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ မစဉ်းစားရဲဘူး။ တစ်ခါတရံ ကြောက်တဲ့အကြောင်းလည်း သူကဝန်ခံပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်အောင် သူကြိုးစားတယ်။ ဒီစိတ်ဖိစီးမှုနဲ့ အန္တရာယ်ကြား သူဘယ်လို ကိုင်တွယ်လဲ။ ပထမအားဖြင့် ဝိပဿနာအားထုတ်ပါတယ်၊ အရေးကြီးတဲ့ ဆွေးနွေးမှုတွေကြားမှာတောင် အားထုတ်ပါတယ်။ သူ့စိတ်တွေ မတည်ငြိမ်တော့ဘူးလို့ သတိထားမိတဲ့ ဘယ်အခါမှာမဆို စိတ်ကို တည်ငြိမ်အောင် အားထုတ်လို့ ဆုံးဖြတ်ချက်တွေလည်း ပိုကောင်းလာတယ်။ အဲ့နောက် တည်ငြိမ်မှုရလာရင် သူက အချိန်လည်းရတယ်ဆိုရင် အခုလို ထွက်ပြေးပုန်းရှောင်နေရင်း ရှိတဲ့ပစ္စည်းတွေ သုံးပြီး ကဗျာရေးတယ်၊ ပန်းချီဆွဲတယ်။ အောက်က ပန်းချီတွေက ပြီးခဲ့တဲ့လက သူဆွဲထားတာတွေပါ။ သူ့မိတ်ဆွေတွေကိုလည်း စိတ်တည်ငြိမ်မှုရအောင် အားပေးပါတယ်။ အရမ်းစိတ်ဖိစီးမှုများတဲ့အခါတွေမှာ အစားအသောက် ကောင်းကောင်းကြိုးစားပြီး စားကြဖို့ တိုက်တွန်းတယ်။ စိတ်ဒဏ်ရာရတဲ့အလျာက် တရက်နှစ်ရက်လောက် အနားယူဖို့လည်း လုပ်ဖော်ကိုင်ဖက်တွေကို အကြံပေးပါတယ်။
အဆိုးဆုံးအချိန်တွေအတွက် သူတို့အားလုံး ပြင်ဆင်နေဆဲပါပဲ။ “မေလထဲမှာ အားလုံးဆိုးရွားသွားလိမ့်မယ်။ အကယ်၍ စစ်တပ်က နောက်မဆုတ်ဘူးဆိုရင် စစ်ဖြစ်လာမယ်။ တောတောင်တွေထဲ၊ မြို့စွန်မြို့ဖျားနဲ့ မြို့ပြထဲတွေမှာ လက်နက်ကိုင် ပြည်သူတွေ ပေါ်လာလိမ့်မယ်။ ရဲမိသားစုတွေ၊ စစ်သားမိသားစုတွေ သူတို့လုပ်ရပ် မပြင်တော့ဘူးဆိုရင် သူတို့တွေ လုံခြုံလိမ့်မှာ မဟုတ်ဘူး။”လို့ သူရိန်က သတိပေးထားပါတယ်။