အပိုင်း (၄၆) : ပုံမှန်လမ်းမှ ဖောက်ထွက်ခြင်း - ရှေ့တန်းမှ ဆရာဝန်
Coco ရဲ့ အသက်မွေးဝမ်းကြောင်းက ဒီပုံစံနဲ့ အဆုံးသတ်ဖို့ မဟုတ်ပါဘူး။ အသက် ၃၀ ထဲဝင်လာပြီဖြစ်တဲ့ သူရဲ့ဘဝကို အဖေ့ခြေရာနင်းတဲ့ ဆရာဝန်တယောက်ဖြစ်လာဖို့ အချိန်ကုန်ခံ သင်ယူခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ယူကေ မဟုတ်ရင် ဩစတေးလျမှာ ဆက်လက်လေ့လာဖို့ ကြိုးစားနေပါတယ်။ ဆရာဝန်ဘွဲ့ကို ကြိုတင်လျာထားခဲ့တာ ဖြစ်ပြီး “အာရှသားတွေအနေနဲ့ ဒါက မိသားစုရဲ့ ဖိအားတမျိုးပဲ၊ ကျွန်တော်က အိမ်မှာ အကြီးဆုံးလေ၊ ဒါကြောင့် ကျွန်တော့်ဘဝ အိပ်မက်နဲ့ ပတ်သက်ပြီး တော်တော်မျှော်လင့်ချက်ကြီးတာ။ နောက်ပြီး တော်တော်လည်း ဖိအားများတယ်။”
ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် မှာ Cocoနဲ့ အခြားသူများစွာအတွက် “အိပ်မက်တွေ အလဟဿဖြစ်သွားခဲ့ပြီ။”
ဆင်းရဲနွမ်းပါးတဲ့ အရပ်ထဲမှာ Coco ရဲ့ ဖခင် မဖြစ်၊ ဖြစ်အောင်ဖွင့်ထားတဲ့ ဆေးခန်းမှာ ငယ်ငယ်က ကူညီပေးရင်း အခြားဘယ်သူမှ မလုပ်နိုင်တဲ့ ဘုရားလိုစွမ်းရည်မျိုးနဲ့ အနာရောဂါတွေကို ကုသပေးတဲ့ ဖခင်ရဲ့ပုံစံကို မြင်တွေ့ရကြောင်း၊ သူ့ရဲ့ကုသမှုတွေကို လူနာတွေနဲ့ သူတို့မိသားစုတွေ လက်ခံဖို့ ဘာမဆိုလုပ်မယ့် “ပရော်ဖက်ဆာ ဆိုးဆိုး”ဆိုတဲ့အကြောင်း ပြောပြပါတယ်။
ဒါပေမဲ့ အခုတော့ ဗမာလူမျိုးအားလုံးနည်းတူ Coco လည်း သူ့အသက်မွေးလုပ်ငန်းမှာ အတားအဆီးဖြစ်သွားခဲ့ပါပြီ။ အနည်းဆုံးတော့ ရပ်တန့်နေပြီ။ အခြားသူတွေလိုပဲ ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ လွတ်လပ်မှုအတွက် ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားနေပါတယ်။ အာဏာသိမ်းမှု ပထမအပတ်ကနေ နေ့စဉ်ကြီးထွားလာတဲ့ ဆန္ဒပြပွဲတွေကို အွန်လိုင်းကတဆင့် စောင့်ကြည့်နေခဲ့ပါတယ်။ ကိုယ်တိုင်တော့ အပြင်ထွက်ဖို့ တွန့်ဆုတ်နေခဲ့တယ်။ “Generation Z တွေ မမြင်ဖူး၊ မကြားဖူးသေးတဲ့အရာ ကျွန်တော် မြင်ဖူးတယ်။ ဒါကြောင့် ကျွန်တော် ရိုးရိုးသားသား ဝန်ခံပါရစေ၊ လမ်းပေါ်ထွက်ဖို့ ကျွန်တော် အမှန်တကယ်ကြောက်နေခဲ့မိတယ်။”
ဒါပေမဲ့ သူငယ်ချင်းတယောက် အားပေးမှုနဲ့ သူတော်ကောင်းယောင်ယောင် Coco တယောက် အပြင်ထွက် စွန့်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကာအကွယ်တွေ ဝတ်ဆင်ပြီးတဲ့နောက် “ပါဝါ ရိန်းဂျား”တယောက်လိုပဲ။ ဒါနဲ့ ရုတ်တရက် သေနတ်သံကြားရတဲ့အခါ Coco က သူ့ ဘယ်လိုတုံ့ပြန်သလဲဆိုတာ ပြောပြပါတယ် -
“ပထမဆုံး ကြားတဲ့အသံက ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊ ဒိုင်း! ဆိုပြီး။ အရိုးသားဆုံးပြောရင် ကျွန်တော် ဘောင်းဘီထဲ ရှုးထွက်ကျမတတ်ပဲ။ ပြေးချင်ပေမဲ့ အဲ့အချိန်မှာ ထိုင်ချလိုက်ရတယ်၊ ကျွန်တော့် ခြေထောက်တွေ မသယ်နိုင်တော့ဘူး။ အဲ့ဒါနဲ့ ဒူးထောက်ထိုင်လိုက်ပြီး ပုံမှန်အသက်ရှူဖို့ ကြိုးစားတယ်။ ရုပ်ရှင်ထဲမှာလို မဟုတ်ဘူး၊ ရုပ်ရှင်မှာ အရာရာနှေးကွေးသွားတာ။ အပြင်မှာ အရမ်းမြန်တယ်။ လူတွေပြေးကြတယ်။ နေရာတိုင်း ဆူညံသံတွေနဲ့၊ ဖရိုဖရဲတွေ ဖြစ်ကုန်တာ။ ကျွန်တော် ဒူးထောက်နေရင်း စဉ်းစားတာ ‘ကောင်းပြီ၊ ဆိုတော့ ဒါပဲလေ။ အခု ငါတို့ကို ပစ်နေပြီ၊ ဘာနဲ့ ပစ်နေလဲမသိဘူး၊ ဒါနဲ့ ငါဘာဆက်လုပ်ရမလဲ။’”
အဲ့နောက် အသက် ၁၅ နှစ်အရွယ်တောင်မရှိကြသေးတဲ့ ကောင်လေး ကောင်မလေးတွေ သူတို့ရင်ဆိုင်နေရတဲ့ အန္တရာယ်ကိုမမှုတဲ့သတ္တိတွေကို Coco မြင်လိုက်ရတဲ့အခါကျမှပဲ သူ့ကိုယ်သူ ပြန်ဆောက်တည်ဖို့ အကူအညီ ဖြစ်သွားခဲ့တယ်။ အဲ့နောက် ဖြစ်ခဲ့တဲ့ အကြောက်တရားနဲ့ ဒေါသကို ဝန်ခံပြီး ဒီခံစားချက်ကပုံမှန်ပါဘဲလို့ သူတို့က Coco ကို အားပေးနှစ်သိမ့်ပေးပါတယ်။ သူတို့ဆက်ပြောတာက ဒီမိုကရေစီပြန်ရဖို့က ပိုကြီးတဲ့တာဝန်ပဲ။ ဒီလို စိတ်လှုပ်ရှားမှုတွေ ပြင်းထန်ရင် ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ “သူတို့က နိုင်ချင်တာ။ ဒီတပွဲတည်း မဟုတ်ဘူး။ ဒါကြောင့်လည်း သူတို့တည်ငြိမ်တာ။” သူတို့က ထွက်လာတည်းက သေမှာ သူတို့မကြောက်ကြဘူး၊ အသေခံကြတာ။
ဒါကြောင့် Coco လည်း လှုပ်ရှားမှုမှာ အကောင်းဆုံးပါဝင်ဖို့ဖြစ်လာပြီး လေ့လာထားတာနဲ့ အကိုက်ညီဆုံး ဆေးဘက်ဆိုင်ရာအရ တနည်းနည်းနဲ့ ပါဝင်ဖို့ပါပဲ။ ဖြစ်ချင်တော့ COVID ကာလထဲမှာ ကောင်းကျိုးလေးတခု ရှိနှင့်တာက တတိုင်းပြည်လုံးက ဆရာဝန်တွေ အချင်းချင်း ဆက်သွယ်ကြတဲ့ ကွန်ယက်ရှိနေတာပါပဲ။ အဲ့ဒီကွန်ယက်ကနေ ဆေးပညာရှင်တွေ ဘယ်လိုအကောင်းဆုံး ဝန်ဆောင်ပေးနိုင်ကြတယ်ဆိုတာ ဆွေးနွေးဖို့ ဒီလိုဝရုန်းသုန်းကားအချိန်မှာ အသက်ဝင်လာတာပါပဲ။
အစပိုင်းမှာ ဆရာဝန်တွေ ဆေးကုဖို့ နေရာလုပ်တယ်၊ လူနာတင်ယာဉ်ကို ရှေ့တန်းမှာ စီစဉ်တယ်၊ သူတို့ရဲ့ ဆေးဝန်ထမ်း ကတိကဝတ်နဲ့အညီ ဆန္ဒပြသူတွေနဲ့ စစ်သားတွေကို ဝန်ဆောင်ပေးဖို့ အဆင်သင့်ပြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က စေတနာ့ဝန်ထမ်း ဆေးလုပ်သားတွေကို အထူးပစ်မှတ်ထား တိုက်ခိုက်လို့ တချို့မှာ သေတဲ့အထိ အရိုက်ခံရတယ်။ တချို့ခေါင်းကို ချောင်းပစ်ခံရတယ်။ ဆရာဝန်နဲ့ သူနာပြုတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ရဲ့ ထိပ်ဆုံးမှ ဦးဆောင်သူတွေပါ၊ စစ်သားတွေက သူတို့ကို အပြစ်ပေးဖို့ ဒေါသတကြီး တုံ့ပြန်တာလို့ Cocoက ရှင်းပြတယ်။ အကျိုးဆက်က ဆရာဝန်တွေ လိုအပ်နေပြီ။ Coco ပြောတဲ့အတိုင်းဆို “ဗွေဖောက်ပြီ”။ လူနာတင်ယာဉ်တွေ၊ ကြက်ခြေနီ အမှတ်အသားတွေ၊ ယာယီဆေးခန်းတွေ၊ ဆေးယူနီဖောင်းတွေတောင် ဖယ်ရှားခံရပြီ။ အရေးပေါ်ဆေးကုသဖို့ တိတ်တဆိတ် လုပ်ရင်လုပ် မဟုတ်ရင် လုံခြုံတဲ့အခါမှသာ ကုသပေးရတဲ့ အခြေအနေထိ ဖြစ်ကုန်ပြီ။ ဆေးရုံတွေလည်း စောင့်ကြည့်ခံရပြီ၊ စစ်သားတွေ စောင့်ကြည့်မနေရင် တိတ်တဆိတ် ဆေးရုံသွားလို့ရပြီး မဟုတ်ရင်တော့ တခြားနည်းလမ်း ရှာရပါတယ်။ ဆန္ဒပြပွဲတွေ မတိုင်ခင်က ဒဏ်ရာအနာတရ ဆိုးဆိုးရွားရွားတွေ မြင်ဖူးထားကြတဲ့ ဆရာဝန်တွေဆိုပေမဲ့လည်း Cocoနဲ့ သူ့ရောင်းရင်းတွေ အခုကြုံနေရတဲ့ ခြေလက်ထိခိုက်ပျက်စီးကုန်တာတွေ၊ မျက်နှာအစရှာမရအောင် ခေါင်းကို ပစ်ခံရတာတွေ၊ အသက်လုရတဲ့ အနေအထားတွေနဲ့ သေနတ်သံတွေကြား အသက်ကယ်ဖို့ ပြင်ဆင်ရတာတွေကို ဘယ်လိုမတတ်နိုင်ကြတော့ဘူး။
ဒီအချက်တွေကြောင့် တချို့ဆရာဝန်တွေ လူ့အသက်တွေ ပိုပြီးကယ်နိုင်ဖို့ ခွဲစိတ်ဓားကိုင်ရမလား သေနတ်ကိုင်ရမလား ပွင့်ပွင့်လင်းလင်း သုံးသပ်ဖို့ဖြစ်လာပြီး ဒါကလည်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုက အရာမရောက်ဘူးဆိုတာ မီးမောင်းထိုးပြနေပါတယ်။ ရိုဟင်ဂျာ အရေးအခင်းတည်းက နိုင်ငံတကာမှာ အကြမ်းဖက်တဲ့ တိုင်းပြည်လို့ သမုတ်ခံရတာကြောင့် ဗမာတွေက ကြမ်းတမ်းတဲ့လူမျိုး မဟုတ်ဘူးဆိုတာ ကမ္ဘာကိုသိစေချင်တဲ့အတွက် အကြမ်းမဖက်ရေး အလိုဆန္ဒက သူ့စိတ်ထဲမှာ အမြစ်တွယ်ခဲ့တာပါ။ သူ့ကိုယ်ပိုင် ဗဟုသုတတွေအရ “ဒီအကြောင်းတွေ ယုံကြည် အသုံးမကျခဲ့အတွက် တောင်းပန်ရုံလောက်နဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ ဂရုမစိုက်မိတာတခုက ဘယ်လောက်တောင် အရေးကြီးသလဲ၊ ဒီစစ်အုပ်စုကို တကယ်ယုံခဲ့မိတဲ့အတွက် ကျွန်တော်တို့ ဘယ်လောက် စိတ်မကောင်းဖြစ်ရ ဝမ်းနည်းရလဲဆိုတာပါပဲ။”
နိုင်ငံတကာ အသိုင်းအဝိုင်းက နောက်ထပ် ဆက်ပြီး ထိတွေ့ဆက်ဆံမယ့်ပုံ မရှိတော့ပေမဲ့ တပ်မတော်က ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီးကျူးလွန်နေတာကြောင့် အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ အခုတော့ Coco မသေချာတော့ဘူး။ Coco က စစ်တပ်ရဲ့ထုံးစံနဲ့ သမိုင်းကို မရင်းနှီးသူတယောက် မဟုတ်။ ဒုတိယကမ္ဘာစစ် တိုဂျိုအင်ပါယာစစ်တပ် လက်အောက်မှ စစ်တပ်တည်ဆောက်သူထံမှာ လေ့ကျင့်သင်ယူထားတဲ့ ဖက်စစ်ဝါဒတွေက ဘယ်လောက်တောင် အရိုးစွဲနေလဲဆိုတာ ဒီနေ့ ကျွန်တော်တို့ မြင်တဲ့အတိုင်းပါပဲလို့ မှတ်ချက်ပေးပါတယ်။ အဲ့ဒီအချိန်တည်းက လူမဆန်မှုနဲ့ စည်းကမ်းနည်းလမ်းတွေကို အကျင့်ကောင်းလို ချီးမြှောက်ကြပြီး အမေးအမြန်းမရှိ အမိန့်ကိုလည်း နာခံကြတယ်။ ဒါကြောင့် သူ့ခန့်မှန်းချက်အရ စစ်သားတချို့က ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ သူတို့ကောင်းစားဖို့အတွက်လို့ တကယ်ယုံကြည်နေပါတယ်။
စစ်သားတယောက်က သူ့ကို ဒီလို ခြိမ်းခြောက်ပြောဆိုတဲ့အကြောင်း Coco က ပြန်ပြောပြတယ် - “မင်း တခုခု ထပ်လုပ်တာနဲ့ မင်းကိုပစ်သတ်မှာ။ မင်းကောင်းဖို့အတွက် ငါကလုပ်ရမှာ။ မင်းတို့ အလုပ်ပြန်ဆင်းဖို့ ငါတို့က မင်းကိုပစ်သတ်ဖို့ လက်မနှေးဘူး။ အဲ့လိုလုပ်ဖို့ ရခိုင်ကနေ ဒီအထိရောက်လာတာ။”