နိုင်ရာ၀န် ထမ်းကြသော ပြည်ပြေးများ(၁)
မငယ်၏ဘ၀ကား အာဏာမသိမ်းခင် ကာလတွင် အလွန် သာယာလျက်ရှိသည်။ မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် ခိုင်မာသော အသက်မွေး၀မ်းကျောင်းနှင့် သူမ။ Covid အလွန်ကာလတွင် ရှိသမျှအားကုန် ရုန်းပြီး ကြိုးစားဖို့ပြင်ဆင်ပြီးချိန်လည်း ဖြစ်သည်။ စာသင်ကြားရေးကို ကိုယ်တိုင်ဦးစီးပြီး တဖက်က အထည်အလိပ်လုပ်ငန်းအတွက် ဆိုင်ခန်းပင် ခြောက်လစာ ချေပြီးဖြစ်သည်။ သို့သော် အရာရာအားလုံး သဲထဲရေသွန်ဖြစ်ကာ အဓိပ္ပါယ်မဲ့ခဲ့ရသော နေ့ကား တရားမ၀င်အာဏာသိမ်းမှုဖြစ်ပွားသောနေ့ဟု သူမဆိုသည်။ သို့သော် အရာရာပျက်စီးသွားရုံမျှနှင့် သူမမရပ်တန့်၊ ဆန္ဒပြပွဲများ ကျောင်းသားသပိတ်များတွင် အင်တိုက်အားတိုက်ပါ၀င်ခဲ့တော့သည်။ မြန်မာစစ်တပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အကြမ်းဖက် နိုမ်နင်းလာသည့်အချိန်တွင် သူမတို့လည်း အသက်လုပြေးရတော့သည်။ သူမအမှတ်ရနေသော အမှတ်တရအချို့ကား ဆန္ဒပြချိန်တွင် လက်ခုပ်တီးကြသော တိုက်ခန်းများက တကယ်ပြေးရချိန်တွင် တခါးမဖွင့်ပေးခြင်းဟု ဆိုသည်။ သို့သော် လူတိုင်းမဟုတ်။ အချို့က နွေးနွေးထွေးထွေး စောင့်ရှောက်ကြသည်။ ဤသို့ဖြင့် သူမတို့၏ သပိတ်ပြပွဲများ ကြဲလာချိန်တွင် သူမတို့ လွတ်မြောက်နယ်မြေသွားကာ။ လက်နက်ကိုင်ရန် စဉ်းစားစီစဉ်ကြသည်ဟု ဆိုသည်။ သို့သော် မိသားစုကို ငဲ့၍ အထမမြောက်ခဲ့။ ထို့နောက် ပုံမှန်လုပ်ခဲ့သော CDM ပံ့ပိုးမှုကို ဖိလုပ်ခဲ့သည်။ သို့သော် စစ်တပ်ကား အငြိမ်မနေ။ wave နှင့် K pay အကောင့်များ အပိတ်ခံရပြီး လိုက်လံစုံစမ်းခံရတော့သည်။ ထို့ကြောင့် မိသားစုများ တကွဲတပြားစီရှောင်ပြေးရင်း နောက်ဆုံး တဖက်နိုင်ငံသို့ တိမ်းရှောင် ခဲ့တော့သည်။ သူမ၏ပြောပြချက်ကား ဘယ်နေရာရောက်ရောက် နိုင်သမျှတာ၀န်ထမ်းရင်း နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါ၀င်သွားမည်ဟု ဆိုသည်။ ဤသို့ သူမ၏ နွေဦးဘ၀အကြောင်းကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။