အပိုင်း (၇၃) : တီထွင်ဆန်းသစ်သော တက်သစ်စလုပ်ငန်းကို ဘယ်လိုတားဆီးမလဲ


အာဏာသိမ်းမှုမတိုင်မီအထိ ဘယ်တုန်းကမှ ရဲတွေကို လှလှဝင်း မကြောက်ခဲ့ဖူးပါဘူး။ ကြောက်စရာအကြောင်းလည်း မရှိခဲ့ပါဘူး။ နိုင်ငံခြားမှာ နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး မြန်မာပြည်ပြန်လာကာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အာဆီယံဆက်စပ် ညီလာခံတွေမှာ သင်တန်းဆရာမအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် သူမက ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူကြီးတယောက်ဆို မမှားပါဘူး။ သူမက - "ကျမ သူတို့ကို မကြောက်ခဲ့ဘူး။ သူတို့က ကျမတပည့်တွေပဲ။"

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ဒါတွေအားလုံး ပြောင်းပြန်ဖြစ်ကုန်ပြီ။ သူမနဲ့ သူမခင်ပွန်းတို့က သာမန်အရပ်သားတွေ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်အဖွဲ့တခုမှာ ပါဝင်လိုက်ပါတယ်။ အဲ့ဒီအဖွဲ့က ပြစ်မှုကျူးလွန်သူ ရာဇဝတ်သားများလက်မှ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ မဟုတ်ဘဲ နိုင်ငံသား အချင်းချင်း ဖေးမခြင်းအတွက် အပြစ်ဒဏ်မခံရအောင် ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။  မတ်လ ညလယ်ခင်း ၁၁ နာရီအချိန်လောက်မှာ ရပ်ကွက်နေ ပြည်သူတွေဆောက်ထားတဲ့ အကာအကွယ် အတားအဆီးတွေကို ဖြိုဖျက်ဖို့ ရောက်လာခဲ့တဲ့ ရဲတွေကို သူတို့နေထိုင်ရာ ကွန်ဒို ခေါင်မိုးထပ်ကနေပြီး တွေ့မြင်ခဲ့ပါတယ်။  လှလှက ဖုန်းနဲ့မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်တွေ တုန်ခါနေလို့ ကောင်းကောင်း မရိုက်ယူနိုင်ခဲ့ဘူး။ ကင်မရာမီးကြောင့် ရဲက သူမကို သတိထားမိပြီး စတင် ပစ်ခတ်ခဲ့ပါတယ်။     

ကံကောင်းစွာနဲ့ မထိခိုက်ခဲ့ပေမဲ့ ဒီအတွေ့အကြုံတွေကြောင့် တိုင်းပြည်ကနေ ထွက်ခွါဖို့ အကြောင်းဖန်လာပါပြီ။ ဒါကလည်း လှလှက သူမသမီးငယ်ရဲ့ အခုအသက်အရွယ်လောက် ၁၉၈၈ ကလေးဘဝ အမှတ်တရဆိုးကို သတိပြန်လည်စေတယ်။ အဲ့ဒီတုန်းက ရန်ကုန်မှာ ခေါင်းပြတ်တွေ ချိတ်ထားတာကို သူမ မမြင်ရအောင်လို့ အဘွားက မျက်စိကို ကွယ်ကာပေးခဲ့ကြောင်း ပြောပါတယ်။ မေးမြန်းခန်းမှာ ပါဝင်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရန်မင်းအောင်နဲ့အတူ ဘဝထူထောင်ထားတဲ့ မိခင်တိုင်းပြည်ကနေ လွတ်မြောက်အောင် ထွက်ခွါဖို့  နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အစပိုင်းတော့ တရားရိပ်သာလို့ အသိများတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ အခြားပုဂ္ဂိုလ်တွေနည်းတူ စိတ်တည်ငြိမ်ဖို့ ဦးစီးဆရာတော်ရဲ့ တရားတော်ကို နာယူအားထုတ်ခဲ့ပါတယ်။ အဲ့ဒီမှာ ဗုံးခိုအိမ်လည်း ဆောက်နေကြတယ်လို့ ပြောပါတယ်။

နောက်ဆုံးတော့ တိုင်းပြည်မှထွက်ခွါခဲ့ပြီး ရုပ်ပိုင်းဒဏ်ရာ မရှိနိုင်တော့ပေမဲ့လို့ စိတ်ဒဏ်ရာက မပျောက်သေးပါဘူး။ သူမက -"လေဆိပ်မှာ ပြည်သူတွေ အဆင်ပြေသလား လှည့်ပတ်စောင့်ရှောက်နေတဲ့ ရဲတွေကို မြင်တဲ့အခါ ရင်တွေခုန်လာပြီး ကျမသမီးလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိတယ်။  သမီးက အရမ်း ကြောက်နေခဲ့တယ်။ ဒီရဲတွေက မြန်မာပြည်ကရဲတွေ မဟုတ်ဘူးဆိုတာ ကျမတို့သိတယ်။ သူတို့က ကျမတို့ကို အန္တရာယ်ပြုမှာ မဟုတ်ဘူးဆိုတာလည်း သိတယ်။ ဒါက လေယာဉ် အကူးအပြောင်းမှာ ပထမကြုံရတာ... ကြောက်ရအောင်လည်း တရားမဝင် ဘာပစ္စည်းမှလည်း ကျမ သယ်မလာဘူး။ ဒါပေမဲ့ ယူနီဖောင်းဝတ်တွေကို တွေ့တော့ စိတ်ဒဏ်ရာကို ပြန်ဆွပေးလိုက်သလိုပဲ။"

အမိနိုင်ငံမှ ထွက်ခွါခဲ့ခြင်းက အဲ့ဒီက ဘဝနဲ့ အသိုက်အဝန်းကို ဆုံးရှုံးရုံမကသေးဘဲ ရုပ်ဆပွားနည်းပညာသုံး သင်ကြားရေး app -  360ed လို့ လူသိများတဲ့ သူမတို့ ထူထောင်ထားတဲ့ ခေတ်ရှေ့ပြေးကုမ္ပဏီမှာ ပြင်းထန်တဲ့ သက်ရောက်မှု ရှိပါတယ်။ လှလှက သူမရဲ့ နည်းပညာနဲ့ ပညာရေး နောက်ခံတွေကို ပေါင်းစပ်အသုံးချပြီး အဖယ်ကျဉ်ခံပုဂ္ဂိုလ်တွေအတွက် ထိရောက်တဲ့ သင်ကြားရေး အခွင့်အလမ်းတွေ ပေးနိုင်ဖို့ ဝန်ဆောင်မှုတခု ဖန်တီးပါတယ်။ ဒါက သူမအတွက် အရမ်းကို ကိုယ်ရေးကိုယ်တာဆန်လွန်းတယ်။ သူမက - "ကျမက ဝင်ငွေနည်းတဲ့ မိသားစုမှာ မွေးဖွားလာခဲ့ပြီး အဆင့်မြင့်တဲ့ ပညာရေးကို ဇိမ်ခံပစ္စည်းလိုမျိုး မိဘတွေက မတတ်နိုင်ခဲ့ပါဘူး။ ပြီးတော့ ကျမက ကျောင်းမှာတုန်းက စာသင်ရခက်တဲ့ ကျောင်းသူတယောက်ပါပဲ။" ဒါကြောင့်မို့ တိုးတက်မှုအသစ်တွေကို လေ့လာမိတဲ့အခါ ရုပ်ဆပွားနည်းပညာနဲ့ သင်ကြားရေးက "စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို မျက်ဝါးထင်ထင်မြင်နိုင်ပြီ"လို့ သိတဲ့အခါ ကမ္ဘာတဝှမ်းက ကျောင်းသားတွေအတွက် ဒီဝန်ဆောင်မှု အသက်ဝင်လာဖို့ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဝန်ဆောင်မှုကို အသုံးချမယ့်သူတွေက အင်တာနက် ကို အမြဲတစေ လိုအပ်နေမှာမဟုတ်ပါဘူး။ အင်တာနက် မရှိလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်။ ထပ်ဆောင်းပြီးတော့ ကလေးတွေ အသုံးပြုချင်လာအောင် app တွေကို ပျော်စရာကောင်းအောင် ဖန်တီးထားပါတယ်။  

၂၀၁၆ ခုနှစ် ဆီလီကွန်တောင်ကြားမှာလုပ်ခဲ့ပြီး နှစ်အတန်ကြာအောင် နောက်ဆုံးပေါ် နည်းပညာ ဆန်းသစ်မှုတွေနဲ့ သင်ကြားရေး စနစ်ကို ပေါင်းစပ်ပြီး ထုတ်ကုန်တခုအဖြစ် တိုးတက်လာပြီးနောက် စတင်ဖြန့်ဖြူးဖို့ အသင့်အနေထား ဖြစ်ခဲ့ပါတယ်။  

၂၀၁၀ အသွင်ကူးပြောင်းချိန် ပြည်ပရောက်ဗမာတွေ တိုင်းပြည်ကို ပြန်လည် အခြေချဖို့ စိုင်းပြင်းကြတဲ့ကာလမှာ သူတို့လုပ်ငန်းကို မြန်မာပြည်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ အာဏာသိမ်းချိန်မှာ 360ed အတွက် ဝန်ထမ်း ၇၀ လုပ်ကိုင်နေပေးတဲ့ app ၁၅ ခုမှာ ဒေါင်းလုပ်အား လေးသိန်းကျော် ရှိပါတယ်။ သိပ်မကြာခင်ကမှ အွန်လိုင်းသုံးခွင့်ရခဲ့တဲ့ မြန်မာပြည်မှာ ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာသုံး သင်ကြားရေး ထောက်ကူ ကုမ္ပဏီထောင်ဖို့ ရွေးချယ်ခဲ့တာ တကယ် မှတ်သားလောက်ပါတယ်။ နောက်တနည်းပြောရရင် အာဏာသိမ်းချိန်မှာ 360ed က အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ မြန်မာ့ ပထမဆုံးသော စစ်မှန်တဲ့ နည်းပညာသုံးကာ အစပျိုးနေတဲ့ကုမ္ပဏီ ဖြစ်နေပါပြီ။ ဒီလိုအမည်တပ် ခံရရုံမျှမကဘဲ ဒါကတကယ့် သူတို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေက  - 

၂၀၁၈ တွင် Net-explore/ UNESCO မှ “Top ten digital innovations award”

၂၀၁၉ တွင် World Economic Forum မှ “Social entrepreneur of the year” 

၂၀၁၉-၂၀ တွင် Nikkei Asia မှ “ Product Excellence Award”

ဟုတ်ပါတယ်။ ဒါတွေအားလုံး ဖေဖော်ဝါရီမှာ အရှိန်သတ်ရပ်တန့်သွားခဲ့ပြီ။ အစမှာတော့ အခြားလုပ်ငန်းတွေလိုပဲ အလုပ်တာဝန်တွေကို ခဏရပ်ထားပြီး ဘယ်လိုဆက်သွားရမလဲ စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ထမ်း အဖွဲ့ဝင်တွေက နိုင်ငံအနှံ့ ထွက်ခွါရှောင်တိမ်းသွားကြတဲ့အခါမှာ ဒီလိုအခြေအနေမျိုးနဲ့ လုပ်ငန်းက ရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ကြောင်း စိတ်မကောင်းစွာဘဲ သဘောပေါက်လာခဲ့တယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ပညာရေးစနစ်က ဝရုန်းသုန်းကားဖြစ်လာပြီး ကျောင်းတွေမှာ စစ်တပ်သားတွေ စခန်းချနေတာကြောင့် ကျောင်းအုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ကြောင်း ထင်ရှားနေပါတယ်။

ပြင်ပက စောင့်ကြည့်လေ့လာသူတွေ မြန်မာပြည်မှာ စိတ်မကောင်းစွာ နေ့စဉ်လို ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ခြေမပျက် စောင့်ကြည့်နေတဲ့ကြားက ဒီလိုမျိုး အဖြစ်အပျက်ပေါင်းများစွာ အပါအဝင် စစ်တပ် ဖျက်ဆီးမှုကြောင့် အပျက်အစီး အဆုံးအရှုံးများစွာကို ဥဿုံအပြည့်အဝ မသိနိုင်ပါဘူး။ လှလှနဲ့ ရန်မင်းတို့ ဖြစ်စဉ်မှာ သူတို့ ကိုယ်ပိုင်ဘဝသာမက အနည်းဆုံး မြန်မာပြည်က သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ အိပ်မက်ကလေး ယာယီ ရပ်ဆိုင်းသွားခဲ့ပါပြီ။ 

ဒီနေ့ဆိုရင် 360ed က တခြားတိုင်းပြည်တခုမှာ အစပျိုးပြီး ပြန်လည်ထူထောင်နေပါပြီ။ app အသစ်တွေ မထုတ်လုပ်နေသေးပေမဲ့ လက်ရှိ app တွေကို အသုံးပြုသူတွေအတွက် ဆက်လက်ပြုပြင် ထိန်းသိမ်းပေးပါတယ်။ စီးပွားဖြစ် app တွေကို အရင်က စီစဉ်ထားတာထက် အများကြီးနောက်ကျပြီး အခု စတင်ဖြန့်ဖြူးဖို့ လုပ်ဆောင်နေပါတယ်။ သူတို့အလုပ်ကို ဒီကနေတဆင့် ထောက်ပံ့ဖို့ စဉ်းစားပေးပါ ခင်ဗျာ။

Shwe Lan Ga LayComment