အပိုင်း (၅၃) : စိတ်ကူးယဉ်စရာ မဟုတ်ဘူး


နီနီက တော်လှန်ရေးအတွက် ပြင်ဆင်နေတာ တော်တော်ကြာခဲ့ပါပြီ.. ဒီတခုတည်းအတွက် မဟုတ်ပါဘူး။ 

“ကျမပါဝင်နေတဲ့ တခုတည်းသော တော်လှန်ရေးက အမျိုးသားအမျိုးသမီး တန်းတူညီမျှရေးပဲလို့ အမြဲထင်ခဲ့တာ”လို့ ပြောပါတယ်။ “ကျမတို့တိုင်းပြည်က ရိုးရာထုံးတမ်းအစဉ်အလာတွေ ပြည့်နှက်နေတာကြောင့် အမျိုးသားအမျိုးသမီး တန်းတူညီမျှရေးက အကြောင်းအရာအသစ်ပါပဲ။ အခုတော့ အခြေခံ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ကျမတိုက်နေရတယ်။ ဒါကို စဉ်းစားရင် ဒေါသထွက်ရပါတယ်။ လုံးဝမတရားပါဘူး။ ၂၀၂၁ ခုနှစ်မှာ ဒါအတွက် တိုက်ပွဲဝင်နေရတယ်ဆိုတာ တကယ်တော့ မယုံချင်ဘူး။”

နီနီ(နာမည်အရင်း မဟုတ်)က ခေတ်စနစ်ဆိုးမှ မိဘတွေရဲ့အကြောင်းတွေကိုကြားပြီး ကြီးပြင်လာပေမဲ့လို ဒါတွေက သူ့အတွက် ရှေးရှေးက ပုံပြင်လိုဖြစ်နေခဲ့ပြီး သူ့နဲ့ သူငယ်ချင်းတွေဆီ တဖန် နောက်ပြန် ဦးတည်သက်ရောက်လာမယ့် အဖြစ်ဆိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ “အခုတော့ တကယ်ကြီး ကျမဆီ ဖြစ်လာနေပြီ။ နောက်တခါ ထပ်ပြီးတော့လေ၊ မယုံကြည်နိုင်ဘူး မဟုတ်လား” လို့ သူ့မယုံကြည်မှုကို ပြောပြပါတယ်။

နီနီအတွက် အဖြစ်ဆိုးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပါ။ အခြားနေ့တွေလိုပဲ မနက်ပိုင်းမှာ သူငယ်ချင်း အင်ဂျင်နီယာသုံးယောက်နဲ့ ပေါင်းပြီး ရပ်ကွက်ဆန္ဒပြပွဲဆီ ချီတက်ခဲ့တယ်။ ရုတ်တရက် သတိမပေးဘဲ သေနတ်သံ ကျယ်လောင်သွားပြီး နီနီလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။ အဲ့အချိန်ထိ လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်ပြည်သူတွေကို သေနတ်အစစ်နဲ့ ပစ်လိမ့်မယ်လို့ နီနီ လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။ ဒါကြောင့် ဘာတွေ ဖြစ်သွားပြီလဲ မသိနိုင်ခဲ့သေးဘူး။ နီနီရဲ့ နှလုံးကျန်းမာရေး အခြေအနေအရ မြန်မြန်မပြေးနိုင်ပေမဲ့ သူငယ်ချင်းတယောက်က လက်ဆွဲပြီး သူ့ကို အဝေးခေါ်သွားပြီးနောက်ပိုင်း အခြားဆန္ဒပြသူတွေနည်းတူ လူစိမ်းအိမ်တအိမ်မှာ နားခိုခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေကြား လမ်းလျှောက်တတ်စ ကလေးလေးတယောက် အော်ဟစ်ငိုယိုနေပြီး  အပြင်မှာ စစ်သားတွေက မခံသာအောင် စိန်ခေါ်နေတဲ့ကြားက သူတို့အုပ်စု ဆက်ပြီး ပုန်းအောင်းနေခဲ့ပါတယ်။ နာရီပေါင်းများစွာကြာ ဆင်းရဲဒုက္ခရောက်ပြီး သူတို့ထွက်သွားပြီးနောက် နီနီနဲ့ သူငယ်ချင်းတွေလည်း နောက်ဆုံးမှာ အိမ်ပြန်နိုင်ကြပါပြီ။

လူအုပ်ကြီးထဲကတချို့ ကံမကောင်းကြပါဘူး။ အဲ့ဒီနေ့က ၁၈ ယောက် ပစ်သတ်ခံရတယ်၊ အယောက် ၁၀၀ ကျော်ကို မတရားဖမ်းဆီး ထောင်ချထားတယ်၊ အဲ့ဒီမှာ နှိပ်စက်ခံရဖို့များတယ်လို့  နီနီ ပြောပါတယ်။ ဒီအကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ရတယ် ကြောက်မက်ဖွယ်ရာကြီးက ရင်းနှီး ကျွမ်းဝင်းပြီးသား လမ်းတွေပေါ်မှာ ဖြစ်လိုက်တော့ နီနီအဖို့ အင်မတန် တုန်လှုပ် ချောက်ခြားသွားခဲ့တယ်။ သူ့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ယိမ်းယိုင်သွားမှာ မဟုတ်ပေမဲ့  အခြားနည်းနဲ့ တိုက်ထုတ်မယ့် လမ်းကိုရွေးရပါတယ်။ ဒါက သူ့ရဲ့ နှလုံးကျန်းမာရေး အခက်အခဲကြောင့် မကြာခဏ အပြင်ဘက်လှုပ်ရှားမှုမှာ ပါဝင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်မှာဆိုတော့ တော်လှန်ရေးနဲ့ ပတ်သက်နဲ့ ရှာတွေ့သမျှ စာအုပ်၊ ဗွီဒီယို ပေါင်းစုံ စတင် လေ့လာပါတယ်။ ဆူဒန်ကနေ ဟောင်ကောင်ဆန္ဒပြပွဲအဆုံး လေ့လာနိုင်သမျှ Civil Disobedience Movement (CDM) သဘောတရား နဲ့ပတ်သက်ပြီး ပိုစိတ်ပါလာပြီး အဲ့ဒါက စီးပွားရေး ကျဆင်းအောင်နဲ့ စစ်တပ်က တိုင်းပြည်ဖို့ အချက်ကျကျ အုပ်ချုပ်မှုမှ ကာကွယ်နိုင်တယ်ဆိုတာ လေ့လာမိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ အလုပ်ပြန်မဆင်းတော့အောင် အလှူငွေတွေ ကောက်ခံ ပံ့ပိုးပေးဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပါတော့တယ်။     

ဗမာပြည်သူတွေ အာဏာသိမ်းမှုကို တုံ့ပြန်တာ မျိုးဆက်အလိုက်မတူညီကြောင်း သူနဲ့သူ့အမေရဲ့ အရေးအခင်းပေါ် တုံ့ပြန်မှု မတူတာကို နီနီ ပြောပြထားပါတယ်။ သူ့မိခင်ကတော့ လူကြီးတွေတော်တော်များများက ယုံကြည်တဲ့အတိုင်း US နဲ့ UN လာကယ်မှာကို အိမ်ကနေ လုံလုံခြုံခြုံစောင့်နေသင့်တယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် နီနီနဲ့ သူ့အပေါင်းအဖော်တွေ ယုံကြည်ထားတာက နိုင်ငံတကာ ဝင်ရောက်လာမှုဆိုတဲ့ မျှော်လင့်ချက်က ဆန္ဒတခုမျှသာပါပဲ။ စိတ်ကူးယဉ် ကြံဆနေခြင်းထက်  ပြဿနာတွေကို ယုတ္တိရှိရှိ ကြည့်လိုက်ခြင်းအားဖြင့် သူနဲ့ အခြားလှုပ်ရှားသူတွေအတွက် ကိုယ့်မှာ ကိုယ်ကိုယ်တိုင်ပဲ ရှိတာပါ၊ ဘယ်ပြင်ပက ကယ်တင်ရှင်တွေ ဝင်လာပြီး ကယ်ပေးလိမ့်မှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ရှာဖွေတဲ့နေရာမှာ ဘယ်အခန်းကဏ္ဍကနေမဆို ပါဝင်ရဖို့ဆိုတာ ခုခံတွန်းလှန်ရေးတာဝန်က သူတို့မျိုးဆက်အပေါ် ကျရောက်လာတယ်ဆိုတာပါပဲ။  

အခုတော့ သူတို့တွေ ဘဝအတွက် တိုက်ပွဲဝင်နေရပြီလို့ နီနီ လက်ခံထားပါတယ်။ ဆယ်ကျော်သက်လူငယ် ရာပေါင်းများစွာနဲ့ ကလေးသူငယ်တွေကိုတောင် စစ်တပ်က ဖမ်းဆီးထားပြီး နှိပ်စက်ခြင်း၊ အကျဉ်းထောင်တွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတွေကြောင့် ကံဆိုး မိုးမှောင်ကျကာ ပိုပိုဆိုးလာပါပြီ။ နောက်ထပ်ပိုပြီး ဆန္ဒပြပွဲ ဖြိုခွဲမှုတွေ၊ အင််တာနက် ပျက်တောက်မှုတွေကို ဖြစ်လာဦးမယ်ဆိုတာ မှန်းဆထားပြီး ဆန္ဒပြသူတွေအနေနဲ့  ဘယ်လိုနည်းလမ်းနဲ့ ဆက်သွားမလဲဆိုတာ အသည်းအသန် အဖြေရှာရပါလိမ့်ဦးမယ်။

Shwe Lan Ga LayComment