အပိုင်း (၆၈) : အရင်လို မဟုတ်တော့ဘူး
၂၀၁၀ ခုနှစ်တွေက ရန်ကုန်မှာရှိနေခဲ့တဲ့ Jessica Mudditt ရဲ့ဘဝကို သူမရဲ့ Our Home In Myanmar စာအုပ်ထဲ အဆုံးသတ်စာကြောင်းက အံ့ဘွယ်သရဖူ ဆောင်းပေးလိုက်ပါပြီ။ သူရေးထားတာက “မြန်မာပြည်က ရုတ်တရက် စစ်အာဏာရှင်စနစ်ထဲ ကျရောက်သွားတော့ ကျမက မထင်မှတ်ဘဲ သမိုင်းစာအုပ်ရေးမိသလို ဖြစ်သွားပြီ”တဲ့။
ဒါကတော့ အခုအပိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံး မြန်မာပြည်မှာနေဖို့ Jessica ရဲ့ မဆုတ်မနစ်ကြိုးစားမှုကို ပုံဖော်ထားတာပါ။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း တိုင်းပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေး သိသိသာသာ တိုးတက်ပြောင်းလဲပြီးနောက် သူမ ရယူနိုင်ခဲ့တာတွေအကြောင်း၊ မြန်မာပြည်ရဲ့ တောက်ပနေခဲ့တဲ့ အနာဂတ်အကြောင်းနဲ့ အခု ၂၀၂၁ခုနှစ် အမှောင်ဖုံးလွှမ်းနေတဲ့ နေ့ရက်တွေမှာ ဘယ်လိုအဓိပ္ပါယ်ရှိရှိ ကူညီနိုင်မလဲဆိုတာ ထဲထဲဝင်ဝင် ဆွေးနွေးထားတာပါ။
ပထမဆုံး၂၀၁၅ ရွေးကောက်ပွဲမှာ သက်သေနဲ့ သတင်းယူဖို့ မြန်မာပြည်ကိုလာဖို့ Jessica တက်ကြွနေခဲ့ပါတယ်။ သမိုင်းဝင်အဖြစ်အပျက်ကို နားလည်ဖို့နဲ့ ပိုကောင်းတဲ့အနေအထားတခု ရနေစေဖို့ ၃နှစ်တိတိစောပြီး ရောက်ရှိနေခဲ့ပါတယ်။ “အားလုံး လုပ်ဆောင်နေကြတဲ့ အရာတွေကနေ မယုံကြည်နိုင်စရာ အခိုက်အတန့်တွေ ဖြစ်လာလိမ့်မယ်လေ။ မြန်မာပြည်ကို နှစ်(၅၀)လောက် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ် အဆုံးသတ်ပြီး အထွတ်အထိပ်ကိုရောက်မယ့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရမှာ”လို့ ပြောပါတယ်။
ဒါပေမဲ့ Jessica စာအုပ်ထဲမှာ အသေးစိတ်ပြောထားတဲ့အတိုင်း အပြောလွယ်သလောက် အလုပ်မလွယ်ပါဘူး။ ဗီဇာရဖို့၊ အခြေခိုင်တဲ့ အလုပ်ရဖို့၊ စားရိတ်ကြီးလာတဲ့ မြို့ကြီးမှာ လုံလောက်တဲ့ ဝင်ငွေရှိဖို့၊ အိမ်ခြံမြေ ဈေးကောင်းတဲ့အချိန် တိုက်ခန်းတခန်း လက်ဝယ်ရှိဖို့ စတဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေ ကျော်ဖြတ်ဖို့ နည်းလမ်းရှာရပါတယ်။ အဆုံးမှာ ဆံပင်ရောင်းဝယ်ခြင်းအကြောင်းမှအစ မြွေသားဟင်းလျာများအဆုံး သတင်းရေးသားပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ သမိုင်းဝင် ရွေးကောက်ပွဲအတွက်လည်း ဆက်လက် ရပ်တည်နိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အကြား The Myanmar Times, The Global New Light of Myanmar, Irrawaddy နဲ့ UN သတင်းဌာနတွေအတွက် သတင်းများစွာ ရေးသားခဲ့ပြီး ဗြိတိသျှသံရုံးမှာလည်း ထပ်ဆောင်း အလုပ်လုပ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူမရဲ့ နောက်ဆက်တွဲ ဖော်ပြချက်က ၂၀၂၁ ခုနှစ်ထဲမှာ စိတ်ကူးယဉ်ဆန်နေပါတယ်။ “အာဏာရပါတီက အပြတ်အသတ်ရှုံးတဲ့အပေါ် ဘယ်လိုများတုံ့ပြန်မလဲလို့ ကျမ စပြီးစိတ်ဝင်စားခဲ့တယ် - ‘ရွေးကောက်ပွဲရလဒ်ကို နိုင်တဲ့သူရော ရှုံးတဲ့သူကပါ လက်ခံရမယ်’လို့ နေပြည်တော်မှာ မဲပေးပြီးနောက် စစ်ဦးစီးချုပ် မင်းအောင်လှိုင်က ပြောခဲ့တယ်။ ဒီတကြိမ်မှာတော့ ရွေးကောက်ပွဲရလဒ်ကို အလေးထားလိမ့်မယ်လို့ ခိုင်မာတဲ့ လက္ခဏာဖြစ်နေခဲ့သလိုပါပဲ။ ညကိုးနာရီမှာ ကျမတို့ မန္တလေးရမ် ပုလင်းဖောက်ပြီး ဂုဏ်ပြုခဲ့ကြတယ်။ ကိုအေးမင်းက သူ့ဖန်ခွက်ကိုမြှောက်ပြီး “ဒေါင်းအတွက်!” “ဒေါင်းအတွက်!”လို့ ကျမတို့ အော်ဟစ်ပြီး ရယ်ရယ်မောမောနဲ့ ပွေ့ဖက်ခဲ့ကြသေးတယ်။”
ဟုတ်ပါတယ်။ ၂၀၂၁ မှာ ဘာတွေဖြစ်နေလဲ လူတိုင်းသိပါတယ်။ ဒီလို ဖြစ်လာလိမ့်မယ်လို့ Jessica မသိခဲ့ပါဘူး။ သတင်းကြားရတော့ “လှည့်စားမှု” ဒါမှမဟုတ် “ဆိုးရွာတဲ့ဟာသ”ပဲလို့တောင် ထင်နေခဲ့တယ်။ စိတ်မကောင်းစရာက တကယ်ဖြစ်နေခဲ့တယ်။ လက်ရှိဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ပိုပြီး သဘောပေါက်ဖို့ မြန်မာပြည်မှာ လေ့လာခဲ့တာတွေကို အသုံးချဖို့ပဲ ကျန်တော့တယ်။ မေလအစောပိုင်းမှာ GQ အတွက် ဆောင်းပါးတခုမှာ မြန်မာပြည်က နိုင်ငံတကာ အထောက်အပံ့ ဘာကြောင့်လိုအပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး တိုက်တွန်းရေးသားထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအတွက် ဩစတေးလျရဲ့ အထောက်အပံ့အကြောင်း ဒေါက်တာဆာဆာနဲ့လည်း လတ်တလော အင်တာဗျူး လုပ်ထားပါသေးတယ်။
မြန်မာပြည်မှာတွေ့ရတဲ့ အစွန်းရောက်လူ့သဘာဝတွေကို နားလည်ဖို့ ရုန်းကန်ရပါတယ်။ “ပထဝီအနေအထား တခုတည်းမှာ ပုံစံမတူတဲ့လူ နှစ်မျိုးနှစ်စားရှိနေတာကို ကျမ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ မိစ္ဆာတွေရှိတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး လူမျိုးတွေလို သေနတ်တွေ ဒါးတွေတောင်မကိုင်တဲ့ ဗမာလူမျိုးတွေလည်းရှိတယ်။ သူတို့က မကျိန်ဆဲဘူး၊ ကျယ်ကျယ်လောင်လောင် မလုပ်ဘူး။ ဗမာလူမျိုးတွေ လှပတဲ့ သိမ်မွေ့မှု ရှိတယ်။ သူတို့က ဥစ္စာပစ္စည်း မက်မောတဲ့၊ လောဘကြီးတဲ့ လူမျိုးမဟုတ်ဘူး။”
တိုင်းပြည်ရဲ့ ဗုဒ္ဓဘာသာလွှမ်းမိုးမှုက သဘာဝရဲ့တစိတ်တပိုင်း ဖြစ်ပေမဲ့ လူမျိုးဘာသာနဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားတွေ ကြီးထွားလာတဲ့ တိုင်းပြည်မှာ နေရတာ မျက်ခုံးလှုပ်တဲ့အကြောင်း ပြောပါတယ်။ “ပြည်သူတွေက အများကြီးပို တော်ကြပါတယ် ကျမထင်တယ်၊ သူတို့က နည်းလမ်းပေါင်းစုံနဲ့ လှပရက်ရောပြီး ကြင်နာတဲ့နှလုံးသား ပိုင်ရှင်တွေပါ။ အစ်စလမ်ကြောက်ရောဂါက အမှောင်ဖုံးနေတော့ သူတို့အတွက် တရားမျှတမှုဆိုတာ ရှိမနေဘူး။” သူမ အရင်အမျိုးသားက ဘင်္ဂလားဖြစ်တဲ့အတွက် အခြားအနောက်တိုင်းသားများထက် ပိုပြီး မလိုခွဲခြားမှုတွေရှိပါတယ်။ သိသိသာသာရော မသိမသာ ခွဲခြားဆက်ဆံခံရတာတွေလည်း ရင်ဆိုင်ခဲ့ရတယ်။ အဲ့ဒါတွေထဲကမှ ပိုပြီးနာကျင်စရာကောင်းတဲ့ အဖြစ်တခုက သူတို့နေဖို့ အိမ်အတွက် စာချုပ်တဲ့အခါ အိမ်ပိုင်ရှင်က သူတို့ကို ဝက်သားနဲ့လုပ်တဲ့မုန့်နဲ့ ဧည့်ခံပါတယ်။ မွတ်ဆလင်တွေက ဝက်သားမစားတဲ့အတွက် အကယ်၍ မုန့်မစားဘူးလို့ငြင်းရင် ဘာသာရေးအချက်ပြတာ ဖြစ်လိမ့်မယ်။
မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ အဖြစ်ဆိုးအားလုံးထဲကမှ Jessica ရဲ့နှလုံးသားကို အထူးတလည် လှုပ်ကိုင်တဲ့အရာက စာနယ်ဇင်းလောက ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပါတယ်။ တိုင်းပြည်တွင်း ကာလကြာ စာနယ်ဇင်းဖိနှိပ်မှု အဆုံးသတ်ပြီးနောက်ပိုင်း လူငယ်သတင်းသမားလေးတွေရဲ့ ပထမဆုံး ချီတုံချတုံခြေလှမ်းတွေနဲ့ သတင်းမှန်တင်ပြနိုင်ခွင့် လွတ်လပ်မှုတိုးတက်လာတဲ့ကြားကာလ တိုင်းပြည်ထဲမှာ သူမရှိနေခဲ့ပါတယ်။ စာနယ်ဇင်း တလောကလုံး အချိန်နဲ့အမျှ တိုးတက်လာတာ သူမ မျက်မြင်ကိုယ်တွေ့ပါ။ ပြည်နယ်ဆင်ဆာ တဖြည်းဖြည်း ရုတ်သိမ်းလာတာနဲ့အမျှ “တိမ်တွေထဲကလူ”လို့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေ ခေါ်ကြတဲ့ ဆင်ဆာအဖွဲ့ကလူကြီး နှုတ်ထွက်သွားပါတယ်။ ဗမာလူငယ် စာနယ်ဇင်း သတင်းထောက်တွေ ဖြစ်နိုင်သမျှ ဖော်ထုတ်နေကြတာကို ကြည့်ရတာ စိတ်လှုပ်ရှားဖွယ်ပါဘဲ။ ဒါပေမဲ့ အခုတော့ အားလုံး တစစီ ပျက်စီးပြီး သတင်းထောက်အများစု တိမ်းရှောင်နေရ၊ အကျဉ်းချခံရ၊ အသတ်ခံနေရပါပြီ။ “သတင်းပညာက ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ဘူးလို့ ကျမတို့ သိပေမဲ့ စစ်တပ်က သတင်းပညာကို ရာဇဝတ်မှုတပ်တယ်၊ ဒါလုံးဝ အမှောင်ချတာ။”လို့ ဝမ်းနည်းစွာ ပြောပါတယ်။ အခု တော်လှန်ရေးအဖွဲ့တွေနဲ့အတူ သူတို့အသိုင်းအဝိုင်းထဲ စစ်တပ်ကျူးကျော်မှုတွေကို ဆန့်ကျင် ကာကွယ်နေကြပါတယ်။ COVID တတိယလှိုင်း ရိုက်ခတ်မှုကြီးနဲ့ တကယ့်ဖြစ်ရပ်မှန်တွေက ဘယ်တုန်းကမှ အခုလောက် အရေးမကြီး၊ စိန်ခေါ်မှုလည်းမကြီးခဲ့ပါဘူး။
Jessica အနေနဲ့ အခြေအနေကို အကောင်းဘက်ကနေ ထပ်ပြီး ပြောပါတယ်။ “ပြည်သူတွေ အဆုံးမှာ ပန်းတိုင်ရောက်လိမ့်မယ်လို့ ကျမယုံပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ဆုံးဖြတ်ချက် အင်မတန်ခိုင်မာတယ်၊ မဟုတ်ရင် ဘဝက အမှောင်ထဲမှာ နေရဖို့ပဲ၊ ဆန္ဒပြသူ အများကြီးက ဒါနောက်ဆုံးတိုက်ပွဲလို့ ပြောပါတယ်။ အနှေးမဟုတ်ဘဲ အမြန်ဆုံး ပြောင်းလာဖို့ ကျမ တကယ်မျှော်လင့်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျမထင်တယ်၊ အရှင်းဆုံးပြောရင် မင်းအောင်လှိုင်ရဲ့နေ့တွေ လက်ချိုးရေထားပြီ။ ပြည်သူတွေ ပြောတာက “အမှိုက်တွေ ရှင်းကြစို့”၊ ကျမကြားတဲ့ ပြည်သူ့အသံက “NLD ထဲက အမှိုက်တွေကိုလည်း ရှင်းကြစို့၊ အစကနေ ပြန်စစို့။ အောက်ခြေကနေ တည်ဆောက်ပြီး လူ့အဖွဲ့အစည်း အားလုံးပါဝင်ပြီး အတိတ်က အမှားတွေကို ရှောင်ရှားကြစို့’။”