အပိုင်း (၃၇) : နေ့မအား၊ ညမနား
ဒီမေးမြန်းခန်းက ပေ့ါသေးသေး မဟုတ်ဘဲ အရေးပိုကြီးတဲ့တခု ဆိုမမှားပါဘူး။ နေ့စဉ် ဆန္ဒပြမှုတွေကြောင့် ပင်ပန်းနွယ်နယ်ပေမဲ့ ညဘက် လုံခြုံရေးကို ဆန္ဒပြဖော်ပြဖက်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ကင်းစောင့်ရသေးတယ်။ တနေကုန် နေလောင်ထားလို့ မျက်နှာလည်း ညိုမဲနေပြီ။ နေ့စဉ် ဟောပြောမှုတွေကြောင့် အသံတွေလည်း ပြာနေပြီ။ အပြစ်မဲ့အသက်တွေ ဆုံးရှုံးနေပြီး လွတ်လပ်ရေးပါ ပျောက်ဆုံးတဲ့ အထိတ်တလန့် ဖြစ်စဉ်တွေကို ကြိုးစားဖော်ပြဖို့ စကားလုံးတွေလည်း ကြေမွအက်ကွဲနေပြီ။ ချစ်ထွန်း(နာမည်လွှဲ)က နားဆင်သူတွေကို ရှေ့တန်းမှ ဆန္ဒပြလှုပ်ရှားမှုကို ပုံဖော်ပေးသွားပါမယ်။
မေးမြန်းထားတဲ့အချိန်က ဗမာစံတော်ချိန် သန်းခေါင်ယံပါ။ ဒါပေမဲ့ စစ်တပ်က နေ့စဉ်ရက်ဆက် အင်တာနက် ဖြတ်တောက်လို့ ကျွန်တော်တို့ ပြောနေရင်း အဆက်ပြတ်သွားခဲ့တယ်။ နောက်နေ့ ချစ်ထွန်း အိပ်ယာနိုးတာနဲ့ မနက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြပြီးအပြန် ကျွန်တော်တို့ စကားဝိုင်းကို အဆုံးသတ်ခဲ့ကြတယ်။ စကားလုံးအမှန်ရှာပြီး ပြောပြဖို့ အချိန်နဲ့အမျှ ရုန်းကန်ရင်း စိတ်စောနေလို့ ပြောနေရင်း သူ့အတွေးတွေ ပျောက်ပျက်ကုန်တယ်။ အသံလည်း ပီပီသသ မထွက်နိုင်ဘူး။ ဒါက စစ်တပ်အာဏာသိမ်းမှုကြောင့် ခံစားရသူတွေရဲ့ ပုံစံဖြစ်နေပြီ။
ဖခင်က အစိိုးရဝန်ထမ်းဖြစ်လို့ နိုင်ငံအနှံ့ မကြာခဏ ပြောင်းရွှေ့ခဲ့ရတဲ့ သူ့ငယ်ဘဝ မိသားစုအကြောင်း ပြောပြပါတယ်။ မိဘမောင်ဘွားတွေက အမြဲအလုပ်ကြိုးစားပေမဲ့ ရတဲ့လစာကတော့ အခြေခံ စားဝတ်နေရေးအတွက်သာ လုံလောက်ပါတယ်။ နောက်ဆုံးတော့ ရန်ကုန်မြောက်ပိုင်း လှည်းကူးမှာ အခြေချခဲ့ပြီးနောက် ဖခင်လည်း ဆုံးပါးခဲ့ပါတယ်။ အဆင့်မြင့်ပညာရေး အခွင့်အလမ်းနည်းပါးလို့ ပညာရေးအတွက် ရပ်ရွာက ဘုန်းကြီးကျောင်းမှာ လေ့လာခဲ့တယ်။ အင်္ဂလိပ်စကားကျွမ်းကျင်မှုက အဲ့ဒီနေရာမှာအသုံးဝင်လာပြီး စာလည်း ပြပါတယ်။ လှည်းကူးဆရာတော်ထံမှာ လာရောက်အားထုတ်တဲ့ နိုင်ငံခြားသား ယောဂီတွေ တိုးပွားလာချိန်မှာ ဆက်သွယ်ဆောင်ရွက်ပေးရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။
ဇန်နဝါရီ ၂၀၂၁ က ချစ်ထွန်းရဲ့ အလုပ်အတွက် အလွန်အထမြောက်တဲ့လပဲ။ ရန်ကုန်မှာ အရမ်းကောင်းပြီး ခိုင်မာတဲ့အလုပ်ရှိတယ်။ အိမ်ထောင်ကျပြီး အမျိုးသမီးကလည်း ကိုယ်ဝန်လွယ်ထားရပြီ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ မှာ အားလုံးပြောင်းကုန်ပြီ။ ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်ထားတဲ့ အစိုးရ ဖယ်ရှားခံရပြီ။ ချစ်ထွန်းက နိုင်ငံလွတ်လပ်ရေး ပြန်ရအောင် ကူညီဖို့ အရာရာ စတေးခံဖို့ ရွေးချယ်ထားကြောင်း ဒီလို ပြောပြပါတယ် - “ကျွန်တော့်ကလေးကို စစ်အစိုးရ လက်အောက်မှာ မကြီးစေချင်ဘူး။”
အရင်တုန်းက တက်ကြွလှုပ်ရှားသူတယောက် မဟုတ်ခဲ့ပေမဲ့ အခြားဗမာတွေလို သူလည်း ၂၀၁၂ ပြုပြင်ပြောင်းလဲရေး မတိုင်ခင် အမှောင်ခေတ်ထဲ မှတ်မိနေတာ တချို့ရှိတယ် - အကျင့်ပျက် လာဘ်စားခြင်း၊ အခွင့်အလမ်း မရှိခြင်း၊ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ ပျက်ပြားခြင်း၊ စီးပွားရေး ညံ့ဖျင်းခြင်း၊ အကြောက်တရား ရှိနေခြင်း၊ ဥပဒေမဲ့ခြင်း စသဖြင့် အများကြီးရှိပါတယ်။ ဒီလိုအခြေအနေတွေအောက်က ဘဝကို လက်ခံဖို့ ငြင်းပယ်လိုက်ခြင်းက သူကို တဖန် နိုးကြားလာစေတယ်။ သူ့လိုပဲအခြားသူတွေလည်း အလုယူခံရတဲ့ ဒီမိုကရေစီကို အသက်ပြန်သွင်းဖို့ ရှိသမျှအားအင်တွေ သုံးပြီး လုပ်ဆောင်နေကြတယ်။
တနေ့တာ ဆန္ဒပြလှုပ်ရှားမှုအကြောင်း ချစ်ထွန်း ပြောပြပါတယ်။ သီးသန့်ခေါင်းဆောင်တယောက်၊ အဖွဲ့ခေါင်းဆောင်ရယ်လို့တောင် မရှိဘူး၊ ဒါက သူတို့မျိုးဆက်— Generation Z ပေါ့၊ အယောက်တိုင်း ကိုယ်ဘာတာဝန်ယူဖို့ လိုအပ်လဲ နားလည်ကြတယ်၊ ကိုယ်ပိုင်စိတ်ဓာတ်နဲ့ ခေါင်းဆောင်လုပ်ကြတယ်လို့ မှတ်ချက်ပြုတယ်။ ဘုန်းကြီးကျောင်းမှ သူ့ရဲ့ ဗုဒ္ဓဘာသာရေး အလေ့အကျင့်အရ အကြမ်းမဖက်ခြင်းရဲ့ အရေးကြီးပုံကိုလည်း သူက ပြောသေးတယ်။ ဒါက ဆန္ဒပြပွဲအတောအတွင်း သေချာပေါက် စာမေးပွဲအစစ်ခံရတာလို့ ဆိုတယ်။ နေပြည်တော်မှာ ဆန္ဒပြသူ ၁၉ နှစ်အရွယ် မြသွဲ့သွဲ့ခိုင် စစ်တပ်ကားမှရေပိုက်ကို ရှောင်နေစဉ် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ ဦးခေါင်းကို အပစ်ခံရပြီးနောက် မန္တလေးမှ ၁၆ နှစ်အရွယ် စေတနာ့ ဝန်ထမ်းလေး ဝေယံထွန်းက ဒဏ်ရာရဆန္ဒပြသူတွေကို လူနာတင်ကားဖြင့် ကူညီစဉ် စစ်တပ်က ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အကြောင်းတွေ ပြောနေရင်း သူ့ခံစားချက်တွေ အရမ်းပြင်းထန်လာတယ်။ ဒီလို အပြစ်မဲ့တဲ့ ဘဝတွေ ဆုံးရှုံးတဲ့အတွက် ချစ်ထွန်း အရမ်း ဒေါသထွက်ခဲ့လို့ “ရဲစခန်းတွေကို မီးရှို့ပစ်”ချင်ကြောင်း ပြောပေမဲ့ “သူတို့က အောက်တန်းမှာနေရင် ကိုယ်က အထက်တန်းကျကျ နေလိုက်မယ်”ဆိုတဲ့ Michelle Obama ရဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောပြရင်း သူခံယူထားတဲ့ ဗုဒ္ဓလမ်းစဉ်တွေမှ အကြမ်းမဖက်ရေး လမ်းစဉ်ကို သူ့ကိုယ်တိုင် ရွေးချယ်ထားပါတယ်။