အပိုင်း (၄၉) : တကယ့် အိပ်မက်ဆိုး
ဒါတွေက သီရိအတွက် အသစ်အဆန်းမဟုတ်။
လူ့အခွင့်အရေး စောင့်ကြည့်သူအဖြစ်နဲ့ လုပ်ကိုင်ရင်း “စစ်တပ်က ဒုက္ခပေး သတ်ဖြတ်ထားတဲ့ မိသားစုဝင်တွေရဲ့ မှတ်တမ်းများ”ကို ငါးနှစ်ကြာ လေ့လာခဲ့သူ ဖြစ်ပါတယ်။ အလွန်တရာ ရက်စက်ကြမ်းကြုတ်မှုနဲ့ မဆုံးနိုင်တဲ့ဇာတ်လမ်းတွေကနေ စိတ်ဒဏ်ရာဖြစ်ရာက လွတ်မြောက်ဖို့ သက်သာဖို့ တခုတည်းသောနည်းလမ်းက စိတ်ဓာတ်ကြံ့ခိုင်အောင် ပြန်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီနောက် ယူအက်စ်မှာ အဆင့်မြင့်ပညာသင်ကြားဖို့ မြန်မာပြည်မှ ထွက်ခွါလာခဲ့ပြီး နောက်ဆုံးအဲ့ဒီမှာ လူသားတဦးလို တဖန် ပြန်လည်တည်ဆောက်နိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်တွေက မြန်မာပြည်ကို ပြန်သွားပြီး အလုပ်ဆက်လုပ်နေခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းလိုက် ကတည်းက အရင်က ကုစားရေး နည်းဟောင်းတွေ ပြန်လေ့လာနေရပါပြီ။ “စိတ်ခံစားချက်တွေကို ကျော်လွှားရတာ ကျွန်မအတွက် တကယ့်ကို ဆိုးရွားပါတယ်။”လို့ သူမဝန်ခံတယ်။ “အဲ့ဒီကတည်းက ကျမစိတ်က အရေထူနေပြီ။ ဒီအခြေအနေက ကျမအတွက် တော်တော်ထူနေပြီ။ အကြောက်တရားထဲမှာ နေရတာတောင်မှ ဒီလိုအခြေအနေတွေမှာ တော်တော်လေး အရေထူနေပြီ။ တစ်ခါတလေ ဖြုံတောင် မဖြုံတော့ဘူး။”
အမှန်က သီရိပြောနေတဲ့ ခံစားချက်မဲ့တာနဲ့ အရမ်းခံစားနေရတာတွေက တကယ်တော့ တလှည့်စီ ဖြစ်နေတာပါ။ အကြောက်တရားနဲ့ ဒေါသ ပေါင်းစပ်မိတဲ့အခါ သူမ “ရင်ဝနဲ့ လည်ပင်းကြား ဆို့နင့်နေတယ်။” နောက်ပြီး ဒါတွေက အိပ်မက်ဆိုးတွေ—အမြဲ ပြေးနေရတယ်၊ ပစ္စည်းတွေဖွက်ရတယ်၊ နောက်ကလိုက်တယ်၊ ဖမ်းခံရတယ်၊ အသတ်တောင် ခံရတယ်။ တောင့်တင်းတဲ့ကြွက်သား၊ ကျနေတဲ့စိတ်ဓာတ်၊ အင်အားကုန်ခမ်းပြီး ခံစားချက်အပြည့်နဲ့ အိပ်မက်ဆိုးက လန့်နိုးတာ။ တခြားသူတွေနည်းတူပါပဲ၊ ပုံမှန်မဖြစ်သေးဘူး။ ဆည်းဆာကို ခံစားဖို့ ရပ်တန့်ငေးမောချိန်မရှိ။ ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် လုံခြုံရေးတွေက ချက်ချင်း လာဖမ်းနိုင်တယ်။
သီရိ အိမ်မှာဆက် မနေတော့ဘဲ လုံခြုံရေးအတွက် တခြားကြိုတင်အကာအကွယ်တွေ ယူထားပေမဲ့လည်း ဒါက ဘယ်နေရာမှာမဆို လုံခြုံမှု အမှန်မရှိတော့တာ သိပါတယ်။ အိမ်ထဲမှာ နေတဲ့သူတောင် အရိုက်ခံရ အဖမ်းခံရ၊ အကြောင်းပြချက်မရှိ အသတ်ခံရတယ်။ ဒါကြောင့် သီရိက ပြတ်ပြတ်ပဲ “သူတို့လာဖမ်းရင် အဖမ်းခံရမယ်၊သူတို့လာသတ်ရင် အသတ်ခံရမယ်၊ ဒါပဲ။ ကျမနောက်ဆုံး ထွက်သက်အထိ တိုက်သွားမယ်၊ သူတို့လက်အောက်မှာနေရယ့်အစား အကြောက်တရားကို ခံစားစရာမလိုတော့အောင် ကျမ သေလိုက်မယ်၊ အကြောက်တရားကို မုန်းတယ်။”
သီရိ စိုးရိမ်တာတခုက ဖုန်းနဲ့အတူ ဖမ်းမိသွားမှာကိုပဲ၊ ဖုန်းထဲက အဆက်အသွယ်တွေ ပါသွားမှာကြောက်တယ်။ ဒါကြောင့် နေ့ခင်း အပြင်ထွက်တဲ့အခါ သီရိ ဖုန်းမယူသွားပါဘူး၊ ညဘက်မှာလည် ဖုန်းကို အတွင်းခံအံဆွဲမှာ ဖွက်ထားပါတယ်၊ ဘာလို့လဲဆိုတော့ စစ်သားတွေက အမျိုးသမီး အတွင်းခံတွေကြောင့် သူတို့စွမ်းအားတွေ ချိနဲ့သွားမှာ ကြောက်ကြတယ်။
လက်တွေ့ရော အိပ်မက်ထဲမှာပါ အိပ်မက်ဆိုးကြီးနဲ့ ရင်ဆိုင်နေတဲ့ သီရိက ထိုင်းနဲ့ ယူအက်စ် ဗီဇာ ကိုင်ဆောင်ထားတာတောင် မြန်မာပြည်ထဲမှာပဲ ဆက်နေဖို့ဆိုတဲ့ သူ့ဆုံးဖြတ်ချက်က မှတ်သားလောက်ပါတယ်။ အမှန်တော့ သူမရဲ့လုံခြုံရေးကို အလေးထား စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အခြားသူတွေ အခွင့်မရနိုင်တဲ့ ရုန်းထွက်သွားဖို့ကို လိပ်ပြာမလုံတဲ့အတွက် ခိုင်မာတဲ့ စည်းလုံးမှုနဲ့ ဆုံးခန်းတိုင်အောင် လုပ်သွားမယ်လို့ ဆုံးဖြတ်ခံယူထားပါတယ်။
တော်လှန်ရေးမှာ သီရိရဲ့ကဏ္ဍက မသေးဘူး။ New York Times အပါအဝင် နိုင်ငံတကာ သတင်းသမားတွေအတွက် နယ်ခံဂျာနယ်လစ်အလုပ်ကို နှစ်အတန်ကြာ တာဝန်ယူရင်း အလွန် ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းလုပ်ကိုင်ခဲ့သူပါ။ ဒီကျွမ်းကျင်မှုက အခုနေရာကျလာပြီး အိုးအိမ်နေရာချထားရေး၊ ငွေလွှဲပေးပို့ရေး၊ ပစ္စည်းစုဆောင်းရေးနဲ့ အနည်းငယ်သော သူများသာ ထမ်းဆောင်နိုင်တဲ့ တချို့အလုပ်တွေကို နေ့စဉ် သီရိ လုပ်နေပါတယ်။
ကျွမ်းကျင်သတင်းထောက်အဖြစ်နဲ့တောင် အာဏာသိမ်းမှုအောက်က လက်တွေ့ နေ့စဉ်ဘဝကို ပြည့်ပြည့်စုံစုံဖော်ပြဖို့ သီရိ တော်တော်ရုန်းကန်ရတယ်။ တဖက်မှာလည်း နိုင်ငံခြားသတင်းတွေမှာ ဘယ်လောက်ထိ အသေးစိတ်ဖော်ပြပါစေ ဗမာပြည်သူတွေ ကြုံတွေနေရတဲ့ အမှန်တကယ် အကြမ်းဖက်မှုတွေကို သေချာ မဖော်ပြနိုင်ဘူးလို့ ခံစားရပါတယ်။ နောက်တဖက်မှာလည်း မှားတယ်ပြောပြီး မှန်သယောင်ထင်ရတဲ့အကြောင်းတွေကိုလည်း ပြောပါတယ်။ ရန်ကုန်က စစ်မြေပြင်ဖြစ်သွားပြီ ဆိုပေမဲ့ ပုံမှန်အတိုင်း ရှေ့ဆက်နေဆဲပါပဲ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ ကဖေး၊ အားကစားခန်းမတွေနဲ့ အခြားလုပ်ငန်းတွေလည်း ပုံမှန်အတိုင်း လည်ပတ်ဆဲပါပဲ။
သတင်းထောက်ရတဲ့ တချို့အလုပ်တွေမှာ အလွန်တရာ ကျေနပ်မှုမရှိပေမဲ့ သီရိက သူမနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကမ္ဘာကြီးက အမှန်အတိုင်း နားလည်အောင် လုပ်နိုင်သမျှ အကုန်လုပ်နေပါတယ်။ အထူးသဖြင့် CNN သတင်းထောက် Clarissa Ward လာရောက်မှုကို အထူးစိုးရိမ်ပါတယ်။ သူမရဲ့အထက်စီးဆန်တဲ့ပုံစံအပြင် သူမ အစီရင်ခံတဲ့သတင်းက အသစ်အဆန်းနဲ့ အနှစ်သာရမပါဘူးလို့ သီရိခံစားရတယ်။ နောက်ပြီး စစ်တပ်လော်ဘီ Ari Ben-Menashe က CNN ကို မြန်မာပြည်ဝင်ခွင့်ရအောင် စီစဉ်မှုနဲ့ပတ်သက်လို့ Ward အနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အနောက်တိုင်း သတင်းဌာနတခု ရောက်ရှိခြင်းက ဗမာတွေကို အကောင်းမြင်ဖို့ အကြောင်းပြချက် တခုဖြစ်တာပဲလို့ ပြောပါတယ်။ “ပြည်သူတွေအတွက်တော့ CNN ရောက်လာတာ မျှော်လင့်ချက်တမျိုးပေါ့၊ မှန်သည် မှားသည် ဖြစ်စေ၊ အစီရင်ခံစာမှာ ပြဿနာရှိနေတယ်ဆိုရင်တောင်မှ ပြည်သူတွေမှာ မျှော်လင့်ချက်ရှိသေးတယ်၊ ဒါမှလည်း သူတို့ ရှင်သန်မယ်၊ အဓိကကတော့ CNN လာလိုက်တာ အရာရောက်သွားတယ်။ ဒါမှ လူတွေ ရှေ့ဆက်တိုက်ပွဲဝင်ကြမယ်။
ပြည်တွင်း သတင်းထောက်တွေရဲ့ ရှိနှင့်ပြီးသားသတ္တိကို Ward အသိအမှတ်မပြုတဲ့အတွက် သီရိလည်း အံ့ဩသွားတယ်။ သူမကိုယ်တိုင်လည်း ယုံကြည်ချက်တွေ မြင့်လာအောင် တွန်းအားပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျွမ်းကျင်လိမ္မာမှုနဲ့ ဇွဲသတ္တိကို တော်တော် လေးစားအားကျသူပါ။ မြန်မာပြည်က သတင်းစာပညာရပ်က တော်တော်လေး ခရီးပေါက်နေခဲ့ကြောင်း ပြောပါတယ်။ တက်ကြွလှုပ်ရှားသူများက သူတို့အရေးတွေနဲ့ ရိုဟင်ဂျာ အရေးအခင်းမှာ အခြားသတင်းသမားတွေ မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ဖော်ပြခဲ့တဲ့ သတင်းအမှား ဝေဖန်ချက်တွေကို မီးမောင်းထိုးပြဖို့ နည်းလမ်းတခုအဖြစ် ဒီနယ်ပယ်ထဲ အစကတည်းက ဝင်ရောက်လာကြတာပါ။ အခု မတူညီတဲ့ နယ်ပယ် အသိုင်းအဝိုင်း သတင်းမှန်မမှန် စစ်ဖို့ အလေးထားကြိုးစားနေကြပြီး အဖြစ်အပျက်တွေ အသေးစိတ်ပြီး တိကျသေချာအောင် ပိုပြီး ကြီးမားတဲ့တာဝန်တွေ ထမ်းဆောင်နေကြတယ်လို့ ပြောပါတယ်။
အဆုံးအစွန်ပြောရရင် သီရိက သူတို့နိုင်မှာလို့ ယုံကြည်ပါတယ်။ သူမ ပြောတဲ့အတိုင်းဆို “ကျမတို့က ဒီထက်ပိုပြီး ထိုက်တန်ပါတယ်။” အောင်ပွဲခံတဲ့အထိ သူမအပါအဝင် ဗမာဘယ်လောက်များများ အသက်ရှင်ကျန်ရစ်မလဲဆိုတာ တော်တော် မသေချာပါဘူး။ သီရိက ရှင်းပြတယ်။ “သူတို့ ကျမတို့ အားလုံးကို မသတ်နိုင်ဘူး။ အဲ့လိုဆိုတော့ ပြည်တွင်း ပြည်ပ ဘယ်နေရာမှာမဆို ကျမတို့ထဲက အသက်ရှင်ကျန်ရင် ဒါကျမတို့ အောင်ပွဲပဲ။ အကယ်၍ တယောက်ပဲ ကျန်တယ်ဆိုရင်တောင် အဲ့ဒီတယောက်က ဆက်ပြီး တိုက်ပွဲဝင်မှာမို့ ဒါကျမတို့ အောင်ပွဲပဲ။”
ဒီပုံမှာထည့်ထားတဲ့ အနုပညာလေးက သီရိရဲ့ လက်ရာလေးပါ။ သူမရဲ့ဖန်တီးမှု နောက်ကွယ်က အဓိပ္ပါယ်ကို ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။