အပိုင်း (၄၀) : အကြောက်တရားနဲ့ မျှော်လင့်ချက်ကြား စည်းသားခြင်း
ကျော့သီရိညွန့်ရဲ့မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုသို့ အသက် ၁၉နှစ်အရွယ်က ခရီးစဉ်မှာ လူကိုယ်တိုင် ရောက်ရုံသာမက ယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရောက်ရှိခရီးစဉ်တခုလို့လည်း ဆိုရပါမယ်။ ကယ်လီဖိုးနီးယားမှာရှိတဲ့ လစ်ဘရယ်အနုပညာကောလိပ်လေးတခုမှာ စာရင်းပေးသွင်းဖို့ ပြည်နယ်စပ်ကို ခရီးထွက်လာခဲ့တာဖြစ်ပြီး အရည်အချင်းပြည့်ဝလို့ ပညာသင်ဆု ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အောင်မြင်ဖို့အတွက် စိုးရိမ်မှုနဲ့ ပတ်ဝန်းကျင်အသစ်မှာ စိတ်ဖိစီးမှုရလာတာကြောင့် အရင်က တခါမှ မလုပ်ဖူးတဲ့ သူမစိတ်ထဲမှာ အခြေတည်လာတဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကုထုံးတခု စတင်ပါတယ်။
ဒါပေမဲ့ ကုထုံးက စစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာတဲ့ သူမဘဝတလျှောက်လုံး ဆုပ်ကိုင်ထားမိတဲ့ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ စိတ်ဒဏ်ရာကို ပြန်ပေါ်လာစေတာထက် ပိုပြီး မစွမ်းဆောင်နိုင်ဘူး။ ဒေါသ၊ အကြောက်တရားတွေနဲ့ ဆက်စပ်တဲ့ စိတ်ခံစားမှု အမှတ်တရတွေ မြင့်တက်လာပြီး ဒီအမှတ်တရတွေထဲက အများစုက ကျောင်းစာသင်နှစ်တွေဆီက ဖြစ်ပါတယ် - စာသင်ခန်းအပြင်ဘက်မှာ စစ်သားတွေက ကျည်အပြည့်ထည့်ထားတဲ့ လက်နက်တွေ သယ်လာတာတွေ၊ ဆရာဆရာမရိုက်တာ ခံရတာတွေ၊ တခြားကျောင်းသားတွေနဲ့ မတူညီတဲ့လူမျိုး၊ ကိုးကွယ်မှုဘာသာ ဘဝနောက်ခံအရ ခွဲခြားခံရတာတွေပါပဲ။ ဒါပေမဲ့ ထပ်ပြီး ရှိနေပါသေးတယ်။ တရက်မှာ သူမရဲ့ ခေါင်းကိုင်မိဘတွေ ရုတ်တရက် ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။ သူအမြဲချစ်ရတဲ့ ဘယ်သူမဆို သတိမပေးဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ အမြဲရှင်သန်နေတဲ့ အကြောက်တရားပါပဲ။
မြန်မာပြည်လမ်းမတွေနဲ့ ဝေးကွာလှတဲ့ ကယ်လီဖိုးနီးယားမှာ လက်ရှိနေထိုင်နေပေမဲ့လည်း ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပွားပြီးတော့ ဒီစိတ်ဒဏ်ရာ ပြန်ပေါ်လာပါတယ်။ ဒါက ဒီအကြမ်းဖက် အဖွဲ့အစည်းနဲ့ ကြုံခဲ့ဖူးသူ ဗမာတိုင်းရဲ့ ခံစားမှုပါ။ အိပ်မပျော်တော့ဘဲ မိသားစုလုံခြုံသလား သေချာအောင် တချိန်လုံး ဖုန်းကိုစစ်နေရပါတယ်။ ယူအက်စ်က မိတ်ဆွေတွေက စိတ်ငြိမ်အောင် ဖုန်း သိပ်မသုံးဖို့ အကြံပေးကြပေမဲ့လည်း ကိုယ်ချစ်တဲ့သူတွေရဲ့ လုံခြုံရေးကို ခြေရာခံလို့ရတဲ့ ဆိုရှယ်မီဒီယာကသာ ဗမာတွေအတွက် တခုတည်းသော အဆက်အသွယ်ဆိုတာ သူတို့လို အထူးအခွင့်အရေး သုံးဆောင်ခံစားနေတဲ့သူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ဒီစိတ်ဒဏ်ရာရဲ့ အရင်းအမြစ်ကို ပိုပြီး အသေးစိတ် စူးစမ်းကြပါတယ်။ ခေတ်ရေစီးကြောင်းလိုက်တဲ့ မီဒီယာတွေရဲ့ အင်အားကို အသုံးချပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ လူတွေအာရုံစိုက်လာအောင်လုပ်တာတွေ၊ လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ အတင်းသတင်းတွေနဲ့ အစီအစဉ်တွေနောက်ကို ထပ်ချက်မကွာ လိုက်မီအောင် ကြိုးစားပမ်းစားလုပ်ရတာတွေကြောင့် စိတ်ဒဏ်ရာတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ ဒါကို သေချာနားလည်ရင် ဒီစိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ပျံ့နှံ့သွားခြင်းကလည်း တစိတ်တပိုင်း အရေးပါတယ်။ အဲ့ဒါမရှိရင် ဗမာတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုကို ကောင်းကောင်းကြီး လက်ခံနိုင်ကြမှာ မဟုတ်ဘူး။ တချို့က စစ်အာဏာရှင်စနစ် အောက်မှာနေရတာ ဘယ်လိုအမှောင်နေ့ရက်တွေလည်းဆိုတာ နားလည်ကြတယ်။ ဒီရက်တွေမှာ စစ်တပ်က ဘယ်လောက် ကြမ်းတမ်းတဲ့နည်းနဲ့ တုံ့ပြန်နေပါစေ ဆန္ဒပြသူတွေက ဒါကိုဆက်လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးဆိုတာ နားလည်ကြတယ်။ အရင်စနစ်ဆိုးကို နောက်ပြန်သွားနေတာကို သူတို့ ဘယ်လိုမှ လက်ခံလိမ့်မှာ မဟုတ်တော့ဘူး။
အဲ့ဒီကနေ ဗမာ့လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ ခေတ်ဟောင်းပုံစံတွေက နေ့ချင်းညချင်းမှာ ဘယ်လောက်ထိ ပြောင်းလဲသွားသယောင် ထင်ရတဲ့အကြောင်း ကျွန်တော်တို့ စကားလမ်းကြောင်း ပြောင်းသွားတယ်။ ကျော့က ဥပမာတွေ ပေးပါတယ်။ ဥပမာတခုက မကြုံစဖူး စည်းလုံးညီညွတ်မှုကို တိုင်းပြည်နေရာအနှံ့မှာ တွေ့ရတယ်၊ အထူးအံ့ဩဖို့ကောင်းတာတခုက စစ်အာဏာရှင်ခေတ်မှာ စနစ်တကျ ဘာသာရေးနဲ့ တိုင်းရင်းသားအချင်းချင်းကြား မှိုင်းတိုက်ထားတဲ့ မယုံကြည်မှုနဲ့ မနှစ်လိုမှုတွေ ရှိရာကနေ ညီညွတ်သွားတာပါ။ နောက်တခုကတော့ ဘာသာပြန်လို့မရဘူးလို့ ယူဆထားတဲ့ လူမှုရေးအရ နားလည်ဖို့ ရှုပ်ထွေးပြီး သိမ်မွေ့လွန်းအားကြီးပြီး စံထားလောက်တဲ့ ဗမာတွေရဲ့‘အားနာပါတယ်’ဆိုတဲ့ စကားလုံးရဲ့ ဝိသေသက သိသိသာသာ ပြောင်းလဲသွားတာပါပဲ။ အရှင်းဆုံးပြောရင် မျက်နှာနာစရာ မဖြစ်အောင် သွယ်ဝှိုက်ပြောဆိုခြင်းနဲ့ လူမှုရေးမှာ သဟဇာတဖြစ်အောင်ဆိုတဲ့ သဘောတရားပါပဲ။ ‘အားနာပါတယ်’ရဲ့ အကျိုးထွက်ကတော့ ဘယ်လိုအခြေအနေမှာ ဖြစ်ပါစေ တခြားသူကစိတ်မသက်မသာ ခံစားနေရတယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ‘ပြုံး၍ သည်းခံပါ’ဆိုတဲ့ သဘောထားမျိုးဖြစ်သွားစေဖို့ အားပေးနိုင်တဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် ဗမာတွေက အရင်ကထက်စာရင် မတရားမှုနဲ့ အားနည်းချက်တွေကို ဖွင့်ပြောဖို့ ရှက်ရွံ့မှု လျော့နည်းလာပြီး ဘာအကျိုးဆက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပူပင်သောကနဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာကြပြီ။
တနည်းမဟုတ်တနည်းနဲ့ ဒီဆက်ဆံရေးပုံစံ အပြောင်းအလဲက လူအချင်းချင်း ဆက်ဆံတဲ့အခါ အစေးကပ်အောင် အရေးပါလှတဲ့ ဒီ‘အားနာပါတယ်’ဆိုတဲ့ စကားလုံးကြောင့် ယဉ်ကျေးမှုက ပိုပြီးနက်ရှိုင်းတဲ့အဆင့်ထိ စတင်ပြီး ပြောင်းလဲနေလိမ့်မယ်။ ဒီထွက်ပေါ်လာတဲ့ ယဉ်ကျေးမှု အပြောင်းအလဲက လက်ရှိမြေပြင်က အသစ်ဖြစ်တည်လာမှုတွေကြောင့် ဗုဒ္ဓဘာသာထဲကိုလည်း စီးဝင်သွားနိုင်လိမ့်မယ်။ ဘယ်သံဃာအဖွဲ့အစည်းက သူတို့အရေးကို စိတ်ဝင်တစား ရှိလား မရှိလား၊ ဘယ်သံဃာတွေက သူတို့အတွက် အမှန်တကယ် ပြောဆိုပေးသလဲဆိုတာ ဗမာလူမျိုးတွေ ဆုံးဖြတ်နိုင်စွမ်းရှိလာပြီ။ မေတ္တာစွမ်းအား တိုးတက်မှုနဲ့ ပတ်သက်လို့ ဗမာဗုဒ္ဓဘာသာဝင် အများစုရဲ့ အလေ့အထလို့ သတ်မှတ်ကြောင်း သူမအနေနဲ့ ဒီနေ့အထိရပ်တည်နိုင်တာ ဘာသာတရားအကူအညီနဲ့ ကြီးပြင်းလာရမှုက အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ပြောပါတယ်။ စစ်တပ်ရဲ့ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရတာတောင် မေတ္တာစွမ်းရည်က ဆန္ဒပြတဲ့သူတွေရဲ့ အကြမ်းမဖက်တဲ့ စရိုက်ကို အခုချိန်ထိ ထိန်းသိမ်းနိုင်စွမ်းရှိကြောင်း ကျော့က ဆိုပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့ သည်းခံမှုအတိုင်းအတာ ကုန်လာပြီလို့လည်း သူမ ခံစားမိတယ်။
အနုပညာရှင်တယောက်အနေနဲ့ သူမရဲ့ဖန်တီးမှုတွေကို လုံခြုံပြီး စိတ်သက်သာစရာ ဖြစ်စေအောင် သူမအနေအထားနဲ့ အကောင်းဆုံး ထိန်းထားနိုင်ပါတယ်။ သူမရေးသားတဲ့ ကဗျာတွေ၊ ပန်းချီတွေကို အများပြည်သူ လွတ်လွတ်လပ်လပ် သုံးနိုင်အောင်လည်း မျှဝေလှူဒါန်းထားပါတယ်။ သူမရဲ့ လက်ရာလေးတခုက အခုကာလမှာ ထင်ရှားတဲ့လာတဲ့ အမှတ်အသားလေးဖြစ်နေပြီ။ အနီရောင်နောက်ခံထားပြီး လက်သုံးချောင်းထောင်ကာ ပန်းပွင့်လေးတွေကို လက်မနဲ့ လက်သန်းကြား ဖမ်းဆုပ်ထားတဲ့ လက်ပုံလေးဖြစ်ပါတယ်။ ဒီအနုပညာလေးက သူမအတွက် မျှော်လင့်ချက်တွေနဲ့ အကောင်းမြင်အတွေးကို ကိုယ်စားပြုပေမဲ့လို့ ဗမာလူမျိုးတွေရဲ့ ဒေါသနဲ့ ဝမ်းနည်းမှုကို သရုပ်ဖော်တဲ့ အနုပညာတွေကိုလည်း သူမဖန်တီးပါတယ်။