၂၀၁၀ခုနှစ်ဝန်းကျင် အပြောင်းအလဲကာလရဲ့ "ဖုံးကွယ်ထားတဲ့ အပုပ်နံ့"
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအရေး နဲ့ ဒီမိုကရေစီအရေးတွေကို ဆယ်စုနှစ်နှစ်စုကျော်လောက် အားပေးလှုပ်ရှားပေးနေတဲ့ အမေရိကန်လူမျိုး Michael Haackနဲ့ စကားပြောခွင့်ရလိုက်တာ အလွန်ကောင်းတဲ့အခွင့်ထူးပါပဲ။ အခုဖော်ပြပေးမယ့် သူ့စကားလုံးထုတ်နှုတ်ချက်မှာ ၂၀၁၀ဝန်းကျင်ကာလရဲ့ တဟုန်ထိုးပြောင်းလဲမှုဖြစ်စဉ်တွေကို မြင်တွေ့ခဲ့ရတဲ့ သူ့အတွေ့အကြုံတွေကိုထင်ဟပ်နေပါတယ်။ အဲဒီ အပြောင်းအလဲကာလထဲမှာ ဖယ်ကျဉ်ခံရခဲ့တဲ့သူများ၊ ပြီးတော့ အထူးတလည် ထိခိုက်နစ်နာခဲ့ရသူများ ကိစ္စကိုပါ အသိအမှတ်ပြုတဲ့ သူ့အမြင်ကို ခပ်ပါးပါးလေးသာထုတ်ပြတာကိုလည်းတွေ့ရပါတယ်။ တနည်းပြောရရင် Michaelအဖို့ လွယ်ကူတဲ့ အဖြေဆိုတာမရှိတဲ့သဘောပါ။ အောက်မှာဖော်ပြထားတဲ့ စာပိုဒ်ကိုဖတ်ကြည့်ပါဦး။ ပြီးတော့ သူနဲ့စကားဝိုင်း တစ်ခုလုံးကိုလည်း နားဆင်ကြည့်ပါဦး။
“လူတွေဘာကြောင့် အစွမ်းကုန်တိုက်ပွဲဝင်နေကြတယ်၊ အစွမ်းကုန်စွန့်လွှတ်အနစ်နာခံနေကြတယ်ဆိုတာ ဒါကြောင့်ပဲလို့ ကျွန်တော် ၁၀၀ရာခိုင်နှုန်းယုံကြည်ပါတယ်။ တစ်စုံတစ်ယောက်ကို တစ်စုံတစ်ရာရဲ့ အရသာကိုပေးစွမ်းနိုင်ဖို့၊ ကတိတစ်ခု၊ မျှော်လင့်ချက်တစ်ခုပေးရတာက အလွန်ကိုခက်ခဲပါတယ်။ ပြီးတော့ တဖက်မှာ အခြေအနေတွေ ယိုင်နဲ့သွားအောင် ခြေထိုးခံလိုက်ရတဲ့ ခံစားမှုတစ်ခုကလည်း ရှိနေတယ်။ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်သူတွေက ဒီလိုမျိုး ၁၀၀%တွေ့ကြုံခံစားနေခဲ့ရတာလို့ ကျွန်တော်ထင်တယ်။ တိုင်းပြည်က လူအတော်များများလည်း ဒီအတိုင်းတွေ့ကြုံခံစားခဲ့ကြရတာပါပဲ။ ဒါက တကယ့်ကို ကြေကွဲဝမ်းနည်းစရာပေါ့။
ဒီကိစ္စကို အပြင်ကနေပဲ လုပ်ရကိုင်နေရပြီး အနည်းငယ်ပွင့်လင်းမြင်သာလာတော့ ကျွန်တော်ရန်ကုန်ကို ပထမဆုံးအကြိမ် ပြန်ခြေချခဲ့တဲ့အခေါက်ကိုမှတ်မိနေတယ်။ လမ်းတွေကိုပတ်နေတုန်း The Irrawaddyကို လမ်းမှာရောင်းနေတာကျွန်တော်မြင်တော့ ကျွန်တော့မှာ 'ကောင်းလှချည်လား!’လို့ ဖြစ်သွားတယ်။
၂၀၀၂ခုနှစ်ဝန်းကျင်ကကျွန်တော် ထိုင်းကသူတို့ရုံးမှာရှိနေတုန်းကဆို လူတွေအများကြီးဖတ်ရဖို့ သတင်းစာရောင်းနေတဲ့လူတွေကနေတဆင့်ဖြန့်ဖို့ဆိုတဲ့နည်းလမ်းက အိပ်မက်အလားပါပဲ။ ဒါပေမယ့်ခုတော့ ရုတ်ချည်းဆိုသလို ဒီသတင်းစာက နေရာတကာမှာ ရောင်းလို့ဝယ်လို့ရနေပြီလေ!
ပြီးတော့ ရန်ကုန်မှာ ကိစ္စတစ်ခုနဲ့ လေယာဉ်စီးတုန်းက The New Light of Myanmar ခုတော့ ဘာနာမည်ဖြစ်နေပြီလည်းမသိတဲ့ အစိုးရသတင်းစာကို ဖွင့်ဖတ်တော့ David Mathieson က လူအခွင့်အရေးဆိုင်ရာအကြောင်းနဲ့ မျက်နှာဖုံးမှာပါနေတာတွေ့တော့ 'Oh, my God!' လို့ ဘုရားတောင်တမိတယ်။
ဒါပေမယ့် ကျွန်တော် မသိတာက- အဲဒီအခြေအနေလောက်ထိဖြစ်ကုန်တဲ့ အရာတွေက နည်းနည်း အပေါ်ယံပဲဖြစ်နေတယ်။ ခင်ဗျား အတွင်းပိုင်းကို ထဲထဲဝင်ဝင်ကြည့်ကြည့်လိုက်မယ်၊ အလုပ်သမားတွေနဲ့ ခင်ဗျားစကားပြောမယ်၊ သူတို့က ဒီအစိုးရသစ် (အခုတော့ မရှိရှာတော့တဲ့ အစိုးရ) လက်အောက်မှာ ဘယ်လောက်ပိုနေလို့ကောင်းလာတာဆိုတာကိုပြောပြလိမ့်မယ်။ ဒါမျိုးတွေက တခါတရံ လစ်ဟာနေတတ်တာမျိုးလို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် လက်ဝဲလမ်းစဉ်လိုက်တဲ့ အလွယ်တကူ လစ်ဘရယ်ကို ဝေဖန်အပြစ်တင်တတ်တဲ့ ကျွန်တော့်သူငယ်ချင်း အတော်များများက မတူကွဲပြားမှုတွေအကုန်ကို အပြစ်တင်တယ်၊ ရိုဟင်ဂျာတွေဆက်ဆံခံရပုံတွေကို အလွယ်ပဲ အပြစ်တင်ကြပြီးထဲထဲဝင်ဝင်တော့ မလေ့လာဖြစ်ကြဘူး။
မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံပြင်ပကနေလှုပ်ရှားရခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သရေကို တိုးတက်အောင်ဆောင်ရွက်ရခြင်းတွေကြောင့် ကျွန်တော့်လက်မှာလည်း အတိုင်းအတာတစ်ခုအထိ သွေးစွန်းနေတယ်လို့ ခံစားမိတာမျိုးရှိပါတယ်။ ၂၀၀၀နှစ်စွန်းဝန်းကျင်တွေတုန်းက အနောက်တိုင်းသားလူဖြူတွေဆိုရင် 'Women’s League of Burma! သူတို့မှာ တိုင်းရင်းသားပေါင်းစုံသာရှိတာ၊ ရိုဟင်ဂျာတော့မပါဘူးပေါ့ကွာ၊ ဟွန့် ၊ အတွင်းပုပ်တွေ!' စသဖြင့် ပြောတာပေါ့။
ဒီကိစ္စက အကြီးအကျယ်မိုးမီးလောင်ဖို့ရှိတာ ကျွန်တော်တို့အားလုံးသိနေခဲ့ပါတယ်။ ၂၀၀၈ခုနှစ်တုန်းက ကျွန်တော့ အရင်သဌေးပြောတာတစ်ခုကို ကျွန်တော်မှတ်မိနေတယ်၊ 'တကယ်လို့များဒီမိုကရေစီအဖွဲ့အစည်းသာ အာဏာရခဲ့ရင်တောင် ရိုဟင်ဂျာကိစ္စက ကွိုင်တက်ဖို့ရှိတုန်းပဲဟ!' ဒီစကားကို ကျွန်တော်ကို အဲဒီအတိုင်းပြောခဲ့တာလို့ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးသိနေခဲ့တယ်၊ ပြီးတော့ အဲဒါတကယ်ကို ပြဿနာအကြီးကြီးပါပဲ။
ဒါပေမဲ့ မတူကွဲပြားမှုတွေနဲ့အဖွင့်မှာ ဒီတစ်ခုက လက်ဝဲသမားတွေ ပြစ်တင်ဝေဖန်ဖို့ ဖြစ်လာတာပါပဲ။ တကယ်တမ်းတော့ လူပေါင်းများစွာအတွက် အကောင်းတွေအများကြီးဖြစ်ထွန်းခဲ့တာပါ။ ထည့်မတွက်ခံရလွယ်ပေမယ့် အလုပ်သမားတွေနဲ့စကားပြောဖြစ်ခဲ့တဲ့ကိစ္စမှာ ကောင်းကောင်းသဘောပေါက်နားလည်နိုင်ပါတယ်။”