အပိုင်း (၅၇) : ရဲရဲလုပ်၊ ယုံယုံကြည်ကြည် ဆုတောင်း
“သေချာတာတခုက အဲ့ဒီမကောင်းဆိုးဝါးတွေ… ကြာကြာမနေနိုင်တော့ဘူး”လို့ Doh Say ကပြောပါတယ်။ “ဒီနေ့မဟုတ်ရင် မနက်ဖန် ဖြစ်လာလိမ့်မယ်။ အမှန်တရားလည်း အဲ့လိုပါပဲ—ဘယ်တော့မှ ဖုံးကွယ်ထားလို့မရဘူး”
ရိုးရှင်းလှတဲ့ စကားလုံးတွေနဲ့ ကရင်နီခေါင်းဆောင် Doh Say က သူကိုးကွယ်တဲ့ ဘာသာတရားအပေါ် နက်နဲတဲ့ ယုံကြည်မှုနဲ့သာမက လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ မြန်မာပြည်ကို သိမ်းယူထားတဲ့ စစ်တပ် မကြာခင် ကျရှုံးတော့မယ်လို့ သူကယုံကြည်နေပါတယ်။
Doh Say ရဲ့ဘဝမှာ တာဝန်ကျဆုံးအချိန်ရောက်လာပြီ။ Free Burma Rangers အဖွဲ့တည်ထောင်သူ David Eubank နဲ့ မိတ်ဆွေဆက်ဆံရေးကြာမြင့်လာခဲ့ပြီး အဖွဲ့ထဲ ပါဝင်လာခဲ့တယ်။ ဒီဆက်ဆံရေးကနေ သူ့ဘဝ နည်းပေါင်းစုံနဲ့ ပြောင်းလဲခဲ့ပြီ။ ရိန်းဂျားတွေက လူသားချင်းစာနာထောက်ထားတဲ့ ဝန်ဆောင်မှုအဖွဲ့ ဖြစ်ပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှု ကြမ်းကြုတ်ရက်စက်မှုကို ကာလကြာရှည်စွာ ရုန်းကန်နေရတဲ့ တိုင်းရင်းသားလူအနည်းစုတွေကို ကူညီထောက်ပံ့ပေးဖို့ဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုက အခုဆိုရင် နှစ်ပေါင်း ၇၀ ရှိနေပါပြီ။ ခေါင်းဆောင်မှု စွမ်းဆောင်ရည်တိုးတက်ရေး၊ အရပ်ဖက်အဖွဲ့အစည်း ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးစတဲ့ တောတွင်း အထူးလေ့ကျင့်ရေး သင်တန်းတွေမှာ အနှစ် ၂၀ ကျော် ပို့ချနေခဲ့တဲ့ တိုင်းပြည်ရဲ့လူမျိုးပေါင်းစုံအဖွဲ့တွေထဲ လေ့ကျင့်ရေးခေါင်းဆောင်တဦး ဖြစ်ပါတယ်။ တပ်မတော်နဲ့ အနီးကပ်ထိပ်တိုက်ဖြစ်စရာ အန္တရာယ်များတဲ့ တာဝန်တွေနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ သူ့ရဲ့ လေ့ကျင့်ရေးစခန်းတွေ ပြည့်နှက်နေရခြင်းက အိမ်နီးချင်းမျိုးနွယ်စုတွေကြောင့် မဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ကို ပြန်လည်ပြင်ဆင်ရာမှာ အထောက်ကူဖြစ်စေဖို့ လိုအပ်တဲ့ အတတ်ပညာတွေကို လေ့လာဖို့အတွက် အန္တရာယ် အခက်အခဲတွေကို လိုလိုလားလားရင်ဆိုင်ဖို့ ဆုံးဖြတ်ထားကြတဲ့ မြို့ကြီးတွေက ရောက်လာကြတဲ့ ဗမာလူငယ်လေးတွေဖြစ်ပါတယ်။ ဒီနေ့တွေမှာ သူ့စခန်းကို ရောက်လာကြတဲ့ “အပြစ်ကင်း”တဲ့ မျက်နှာလေးတွေကြောင့် အံ့ဩနေရပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကိုက်ညီလှတဲ့ ရင်းနှီးပေးဆပ်မှုတွေကြောင့် တပည့်အသစ်ကလေးတွေကို “ချစ်မြတ်နိုး”ကြောင်း ဝန်ခံပါတယ်။
Free Burma Rangers အဖွဲ့နဲ့ Doh Say ရဲ့ပူးပေါင်းမှုတလျှောက် ချစ်ခြင်းမေတ္တာအကြောင်း ပြောပြဖို့ ဝန်လေးစရာ မဟုတ်ပါဘူး။ David ထံမှ စစ်ဗျူဟာတွေ သင်ယူလေ့လာခဲ့ရသလောက် အဲ့ဒီဆက်ဆံရေးကနေတဆင့် သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီး တိုးတက်လာတဲ့အကြောင်းကို သူတို့ချင်းမတွေ့ဆုံမီ ၁၉၉၇ တုန်းက “ကျွန်တော် ဘုရားသခင်နဲ့ ယေရှုကို တကယ်မသိပါဘူး။ David က ပိုယုံကြည်လာအောင် ကူညီပေးခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မိရိုးဖလာ ခရစ်ယာန်တယောက်အနေနဲ့ပဲ သိထားတာ။ မိဘတွေက ခရစ်ယာန်တွေဆိုတော့ ကျွန်တော်လည်း ခရစ်ယာန်ပေ့ါ။”
ဘုရားသခင်ကို နက်နက်နဲနဲယုံကြည်လာခြင်းက နောက်ဆုံးမှာ Doh Say ကို သက်သာအေးဆေးနေတဲ့ ဘဝကနေ ရုန်းထွက်ဖို့ စိန်ခေါ်လာခဲ့ပြီ။ သူပြောတာက “လူ့သဘာဝကတော့ လွယ်တယ်ဆိုရင် လူတိုင်းနီးပါး လုပ်နိုင်တယ်! ဒါပေမဲ့ ခက်ခဲပြီး အန္တရာယ်များလာရင် ဘယ်သူမှ မလုပ်ချင်ကြတော့ဘူး။” သူဝန်ခံထားတာက အစပိုင်း တာဝန်တွေမှာ ကြောက်မက်ဖွယ်ဖြစ်ကြောင်း အန္တရာယ်အခက်အခဲတွေကို ခံနိုင်ရည်ရှိပေမဲ့ ပုံမှန် ဝတ်ပြုဆုတောင်းတဲ့ စွမ်းအားကြောင့် ယုံကြည်မှုနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးတခုအတွင်း ဗမာစစ်သားတွေ ဒေသခံ ရွာသားတွေကို မထိခိုက်စေတဲ့ နှလုံးသားတွေ ရှိကြပါစေလို့ ရိုးရိုးလေး ဆုတောင်းခဲ့ဖူးပါတယ်။
ဒေသခံတွေအပေါ် ဆယ်စုနှစ်များစွာ ဖိနှိပ်လာတဲ့ ရန်သူကို ခွင့်လွှတ်ဖို့နဲ့ မေတ္တာထားဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဗမာစစ်တပ်က ဗုံးတွေ မော်တာတွေနဲ့ ပစ်တဲ့အခါ လုံခြုံရေးအတွက် ပုန်းအောင်းဖို့ ရွာကအိမ်တိုင်း ဝတ်ကျင်းတူးထားတဲ့အကြောင်း ပြောပါတယ်။ သေနတ်သံတွေနဲ့ မုဒိမ်းမှုတွေက အထူးဆန်းမဟုတ်တော့ဘူး။ တိုက်ခိုက်မှုထဲ သူ့ဝမ်းကွဲတော်စပ်သူရဲ့အိမ် ဖျက်ဆီးခံလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Free Burma Rangers ကတော့ ဘက်ပြောင်းလာခြင်းကို အားပေးထောက်ခံပြီး ရာထူးကို စွန့်လာတဲ့ ဘယ်စစ်သားကိုမဆို ကြိုဆိုပါတယ်။
အင်တာဗျူးအဆုံးမှာ David Eubank ရောက်လာပြီး သူ့အဖွဲ့ထဲ စစ်တပ်ဘက် အမှောင်နေ့ရက်များမှ ဘက်ပြောင်းလာတဲ့ စစ်သားတဦးထံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို သတ်ဖြတ်ခြင်းအကြောင်း စိတ်ထိခိုက်စရာ ဇာတ်လမ်းတပုဒ် မျှဝေပါတယ်။ ဒီလိုယုတ်မာရက်စက်မှုကို အသိုင်းအဝိုင်းက အမြဲခွင့်လွှတ်မယ်လို့ သူမထင်ပါဘူး။ David ပြောစကားအရ “ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ခွင့်လွှတ်ခြင်းကို နားထောင်ပြီးတဲ့အခါ သူပြောပါတယ်၊ ‘ကျွန်တော်မခံစားနိုင်တော့ဘူး၊ ဝန်ခံပါတယ်ဗျာ၊ ဒီကလူတွေက ကျွန်တော့်ကို မသတ်ဘူး! အခု ကျွန်တော် ယေရှုရဲ့ မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို ခံစားရလို့ ယေရှုနောက်လိုက်တယောက် ဖြစ်ချင်တယ်။’ ဒါနဲ့ သူကို တခါတည်း နှစ်ခြင်းခံပေးလိုက်တယ်။ ခင်ဗျား သူ့မျက်နှာပေါ်က အပြုံးတွေကို တွေ့ဖို့ကောင်းတယ်၊ သူပြောင်းလဲသွားပြီ!” David က သူအမှတ်မထင်တွေ့ဆုံမိတဲ့ ဗိုလ်ချုပ်အောင်မင်း၊ သူ့ပြိုင်ဘက် ဗုဒ္ဓဘာသာတဦးကို ခရစ်ယာန် ဝတ်ပြုပွဲတက်ဖို့ ဘယ်လိုဖိတ်လိုက်ကြောင်း ပြောထားပါတယ်။
David က Doh Say မပြောပြခဲ့တဲ့ သူ့ကိုယ်ပိုင်နောက်ခံအကြောင်းတချို့ကိုလည်း မျှဝေပါသေးတယ်။ “သူက ကျွန်တော့်ကလေး သုံးယောက်လုံး ငယ်ငယ်တည်းက ကြီးလာတဲ့အထိ စောင့်ရှောက်ပေးခဲ့တာ၊ သူတို့လေးတွေကို ကာကွယ်ဖို့ သူ့အသက်ကို အန္တရာယ်ကြား အကြိမ်များစွာ စွန့်စားခဲ့တာပါ။ စစ်ပွဲကအစ မြင်းအဆွဲခံရလို့အဆုံး အခြေအနေ အမျိုးမျိုးကြား ကာကွယ်ပေးခဲ့တာပါ။ တာဝန်ချိန်မှာ မြင်းအောက်ရောက်နေနဲ့ လေးနှစ်သားအရွယ် ကျွန်တော့်သားရဲ့ ခြေထောက်ကို ဆွဲယူဖို့ သူ့လက်နဲ့ လက်ချောင်းတွေ ကျိုးခဲ့တဲ့အထိ ကာကွယ်ပေးခဲ့တာ။ သူက အရမ်းအံ့ဩစရာကောင်းတဲ့သူ၊ ကလေးတွေစောင့်ရှောက်တဲ့အခါမှာလည်း ကျွန်တော့်ဇနီးကို ကူညီပေးခဲ့တာ။”
David ရဲ့ သမီး Suzanne ကလည်း ဒီအပိုင်းလေးအစမှာ သူမရေးထားတဲ့ “Those Brilliant Eyes”ဆိုတဲ့ ကဗျာကို ဖတ်ပြထားပါတယ်။ ကဗျာလေးက ကရင်လူမျိုးတွေ သူတို့အသိုင်းအဝိုင်းကို စောင့်ရှောက်ဖို့ အနစ်နာခံမှုများအကြောင်းဖြစ်ပြီး မိမိရပ်ရွာကို ကာကွယ်ဖို့ လက်တဖက် ပေးဆပ်ဆုံးရှုံးလိုက်ရတဲ့ စစ်သားအိုကြီးနဲ့ တွေ့ပြီးနောက်ပိုင်း ရေးသားထားတာ ဖြစ်ပါတယ်။
လက်ရှိပစ္စုပ္ပန်မှာ ကောင်းမွန်ခြင်းနဲ့ စည်းလုံးခြင်းတို့ အမှန်တကယ် အောင်နိုင်မယ်လို့ Doh Say က မြင်နေပါတယ်။ သူပြောချင်တဲ့ “စကားတခွန်း”ကတော့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအားလုံးက ခွင့်လွှတ်ခြင်းကို လက်ခံယုံကြည်ပေးဖို့ ဖြစ်ပါတယ်။ ဒါက လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ သူသိတယ်။ “ဒါခက်တယ်လေ၊ ဘာလို့ ကျွန်တော်တို့ ခွင့်လွှတ်ဖို့ ပြောနေရတာလဲ ဆိုတော့ ဒါက ဆွေမျိုး၊ မောင်နှမသားချင်းနဲ့ မိဘ အသတ်ခံရသူတွေအတွက် အရမ်းခက်လို့။ ဒါပေမဲ့လည်း ဒါက တိုင်းပြည်အတွက် ဖြေရှင်းချက်နည်းလမ်းတွေ ရှိတဲ့ထဲက ရေရှည်အတွက် ကောင်းတဲ့အဖြေတခုပဲ။”